ရွေးကောက်ပွဲပြုလုပ်က ချင်းပြည်နယ်ရှိမြို့နယ်များကို ပေါင်းစည်းပြီး မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ် စစ်ကောင်စီ သတ်မှတ်ပြုလုပ်နိုင်ဟု NUG သုံးသပ်

0
34
ပုံစာ - ၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ် မြင်ကွင်းတခု။

အာဏာသိမ်းစစ်ကောင်စီက လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက ချင်းပြည်နယ်ရှိမြို့နယ်များကို ပေါင်းစည်းပြီး မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ် သတ်မှတ်ကျင်းပနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောဆိုသည်။

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က “ယခင်ကာလ ရွေးကောက်ပွဲတုန်းက မြို့နယ်တစ်ခုမှာ မဲဆန္ဒနယ်တစ်ခုအနေနဲ့ သတ်မှတ်ခဲ့ကြသော်လည်းပဲ အခုဆိုရင် မြို့နယ် ၅ ခုကို နမူနာအနေနဲ့ ချင်းပြည်နယ်မှာဆိုရင် ထန်တလန်၊ ဟားခါး၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စတဲ့မြို့နယ်တွေကို မြို့နယ်ကြီးတစ်ခု၊ မဲဆန္ဒနယ်ကြီးတစ်ခုအနေနဲ့ပေါင်းစည်းမယ်၊ ပေါင်းစည်းပြီးတော့ အဲဒီမြို့နယ်ကြီး တခွင်တပြင်လုံးကို လိုက်ပြီးတော့ ရွေးကောက်ပွဲလုပ်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ဆက်လက်ပြီး “သူတို့ ရွေးကောက်ပွဲ လုပ်လို့ရတဲ့ နေရာလေးကွက်ကွက်ကိုပဲ လုပ်ပြီးတော့ အဲဒီလုပ်လိုက်တဲ့ ရွေးကောက်ပွဲသည် ဒီမဲဆန္ဒနယ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုပါတယ်ဆိုပြီးတော့ ကိုယ်စားလှယ်အများအပြားကို လိမ်ပြီးတော့ ရွေးကောက်ခံရပါပြီး ဆိုပြီးတော့ ကြေညာမှာပဲဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့က အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သော “တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်းဆီသို့” သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဦးတင်ထွန်းနိုင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့နယ်များကို မြို့နယ်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသတ်မှတ်ပြီး ယင်းအောက်တွင် ကိုယ်စားလှယ်အများအပြား ရွေးချယ်စေမည်ဖြစ်ကာ မဲရုံထောင်၍ရသော မြို့နယ်တွင်သာ မဲရုံထောင်၍ မဲပေးစေရန် လုပ်ဆောင်လာဖွယ်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

လာမည့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျင်းပနိုင်ချေရှိသော ရွေးကောက်ပွဲကို နောက်ဆုံးထွက်ပေါက်အဖြစ် စစ်ကောင်စီ ပြင်ဆင်နေမှုနှင့် ပတ်သက်၍ NUG အပါအဝင် မဟာမိတ်အင်အားစုများက မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေကြောင်းနှင့် ယင်းကို ကာကွယ်တားဆီးရန်လည်း စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးနေကြောင်း NUG ဝန်ကြီးက ဆက်ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲကို တရားခြင်း၊ မတရားခြင်း၊ လွတ်လပ်ခြင်း၊ မလွတ်လပ်ခြင်းများကို ထည့်မစဉ်းစားဘဲ ကျင်းပရန် ရည်ရွယ်နေပြီး ယင်းကိစ္စကို ဆုံးဖြတ်ပြီးသားဖြစ်ကြောင်းကို လူထုထံ အသိပေးလိုကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။

ရွေးကောက်ပွဲကို PR (အချိုးကျ ကိုယ်စားပြုမှုစနစ်) ဖြင့် စစ်ကောင်စီသည် ကျင်းပသွားမည်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးကြောင့် နယ်မြေစိုးမိုးနိုင်ခြင်းမရှိမှုကို အခွင့်အလမ်းအဖြစ် အသုံးချ၍ မဲဆန္ဒနယ်များကို ပေါင်းစည်း၍ ကျင်းပနိုင်ချေရှိသည်ဟု ဆိုသည်။

စစ်ကောင်စီသည် လာမည့် ဇူလိုင်လတွင် နောက်ထပ် ၆ လသက်တမ်းတိုးနိုင်ပြီး ၂၀၂၅ ဖေဖော်ဝါရီလတွင် ကာ/လုံ (အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ) သို့ အာဏာလွှဲအပ်နိုင်ကြောင်း၊ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း NUG ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အနည်းဆုံး တစ်နှစ်ကြာဦးမည်ဖြစ်၍ NUG အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာမိတ်တပ်ဖွဲ့များက စစ်ရေး၊ နိုင်ငံရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်ရှိကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ဆက်ပြောသည်။

ရွေးကောက်ပွဲကို PR စနစ်ဖြင့် ပြုလုပ်မည်ဟူ၍ စစ်ကောင်စီက မကြာခဏ ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို ထုတ်ဖော်ပြောဆိုမှု မရှိသေးပါ။

လာမည့် အောက်တိုဘာလထဲတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ စတင်ကောက်ယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here