ပုလောမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ကျည်ဆံထည့်ထားသည့် သတိပေးစာတွေ့

0
34
Photo – Social Media

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျောက္ကားကျေးရွာ အထက်တန်းကျောင်းခွဲဝန်းအတွင်း ကျောင်းများ ပြန်ဖွင့်သည့်နေ့ (ဇွန်လ ၃ ရက်) တွင် သတိပေးစာတစ်စောင်နှင့် ကျည်ခွံတစ်ခုကို တွေ့ရှိခဲ့သည်ဟု ကျောင်းသားမိဘများက ပြောသည်။

ကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည့် ဇွန်လ ၃ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ကျောက္ကားကျေးရွာရှိ အထက်တန်းကျောင်းခွဲ ကျောင်းခန်းတစ်ခု၏ တံခါးပေါက်ရှေ့တွင် သတိပေးသည့်စာနှင့်အတူ ကျည်ခွံတစ်ခုကို အတူတွဲလျက် ကျောင်းသားငယ်လေးများက တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ကျောင်းသားမိခင်တစ်ဦးက “စာကတော့ သတိပေးထားတဲ့စာလို့ပဲ သိရတယ်။ ရွာက ပြည်သူ့စစ်တွေက သိမ်းသွားတယ်။ ကျောင်းက ဆက်ပြီး တက်ခိုင်းရမလား၊ မတက်ခိုင်းရဘူးလားဆိုတာ ခွဲလို့ မတတ်တော့ဘူး။ လက်ရှိမှာ ကျောင်းကို ဆရာမတွေလည်း မလာဘူး။ တံခါးပိတ်ထားတယ်” ဟု ပြောသည်။

ထိုသို့ သတိပေးစာ တွေ့ရှိရပြီးနောက် ကျောက္ကာကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ယူခဲ့ပြီး ကျေးရွာအတွင်း လှည့်လည်စစ်ဆေး၍ ရှာဖွေခဲ့သေးကြောင်း ရွာသားများက ပြောဆိုသည်။

ကျေးရွာခံမဟုတ်သည့် ဆရာမများမှာလည်း ကြောက်လန့်စိုးရိမ်ကာ မြိတ်မြို့ပေါ်သို့ တက်ပြေးသူများလည်းရှိနေကြောင်း ရွာသားများက ပြောသည်။

အလားတူ ကျောင်းသားမိဘများလည်း ၎င်းတို့ကလေးများ၏ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်ဟု ဆိုသည်။

ကျောက္ကာကျေးရွာသည် ပင်လယ်ရေလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းကြသူများ နေထိုင်ကြသည့် ကျေးရွာဖြစ်ပြီး အမှတ် ၁၊ ၂၊ ၃၊ ၄ ဟူ၍ ရပ်ကွက် ၄ ခု ခွဲထားကြောင်း သိရသည်။

ကျောက္ကာကျေးရွာတွင် အိမ်ထောင်စု ၈၀၀ ကျော်ခန့် ရှိပြီး လူဦးရေ ၄၅၀၀ နီးပါး နေထိုင်သည့် ကျွန်းပေါ်ရှိ ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

ကျောက္ကာကျေးရွာ အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက ကုန်းကြောင်းသာမက ရေကြောင်း၌ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ငါးဖမ်း လှေငယ်များကို စစ်ကောင်စီတပ်ဘက်က ပိတ်ခဲ့ပြီး တစ်လခန့်အကြာတွင် နယ်မြအကန့်အသတ်နှင့် ပင်လယ် ထွက်ခွင့် ပြန်ပေးခဲ့ကြောင်း ရွာသားများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here