IEC ဖွဲ့စည်းတည်ထောင်ပြီး ၁ နှစ်အတွင်း မြို့နယ် ၈ မြို့နယ်တွင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဟု IEC ဥက္ကဌ ပြောဆို

0
30
ပုံစာ - IEC ဥက္ကဌ ခူဦးရယ်

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၁ နှစ်တာအတွင်း ကရင်နီ (ကယား) ပြည်ရှိ မြို့နယ် ၈ ခုတွင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီဖြစ်သည်ဟု IEC ဥက္ကဌ ခူဦးရယ်က IEC ဖွဲ့စည်း တည်ထောင်မှု “၁” နှစ်ပြည့်မိန့်ခွန်းတွင် ပြောဆိုသည််။

ယနေ့ ဇွန်လ ၆ ရက်နေ့သည် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ် ပြည့်နေ့ဖြစ်ပြီး ဥက္ကဌ ခူဦးရယ်က မိန့်ခွန်းအမှာစကားပြောဆိုရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုသည်။

“တစ်နှစ်တာအတွင်း မြို့နယ် (၈) မြို့နယ်မှာ ပါဝင်သင့်ပါဝင်ထိုက်သော ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အင်အားစုတွေ အားလုံးပါဝင်တဲ့ ပြည်သူ့အခြေပြု အုပ်ချုပ်ရေးယန္တရားကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်” ဟု ဥက္ကဌ ခူဦးရယ်က ဆိုသည်။

IEC က ဖွဲ့စည်းလိုက်သည့် မြို့နယ်အုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင် ၇ ဦး မှ ၉ ဦး အထိ ပါဝင်ပြီး၊ သက်ဆိုင်ရာ မြို့နယ်က ပြည်သူများ ရွေးကောက်တင်မြောက်ထားသော ကိုယ်စားလှယ် ၄ ဦး ကနေ ၆ ဦး အပြင် ဒေသ အခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ၃ ဦး တို့ပါဝင်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်ဟုလည်း ခူဦးရယ်က ပြောဆိုသည်။

ယခင် အစိုးရအဆက်ဆက် ပြဌာန်းခဲ့သည့် မြေပုံအရ ကရင်နီ (ကယား) ပြည်တွင် မြို့နယ် ၇ မြို့နယ်သာ ရှိသော်လည်း IEC ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် မြို့နယ် ၁၆ မြို့နယ်အထိ ယန္တရားလည်ပတ်ရန် လျာထားချက်ရှိပြီး လက်ရှိတွင် မြို့နယ် ၈ ခုအတွင်း အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်ဟု IEC အတွင်းရေးမှူး (၂ ) ဦးဗညားက ပြောပါတယ်။

“ကိုယ့်ဒေသကို ပိုပြီးတော့ အားကောင်းမောင်းသန် အုပ်ချုပ်နိုင်ဖို့က မြို့နယ်သေးသေးလေးဖြစ်အောင် ခွဲလိုက် တယ်ပေါ့။ အဲ့လိုပုံစံနဲ့ လုပ်လိုက်တဲ့ပုံစံမျိုး ဖြစ်တယ်ပေါ့နော။ ဒါကလည်း ကြားကာလမြို့နယ်ပဲ ဖြစ်တယ်။ နောက်ပြီးတော့ အသွင်ကူးပြောင်းရေးကာလရောက်ရင် သင့်လျော်တဲ့ အဆင်ပြေတဲ့ မြို့နယ်တွေကို စုဖွဲ့မှာ ဖြစ်ပါတယ်ပေါ့။ bottom-up federalism, bottom-up Governance approach ကို သွားခြင်း ဖြစ်ပါတယ်” ဟု ဦးဗညားက ပြောသည်။

IEC အနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်တို့ကို အခြေခံသော ဖယ်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို လက်တွေ့ကျင့်သုံးနေခြင်းဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံကျသည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို အုတ်မြစ်ချနေခြင်းလည်း ဖြစ်သည်ဟု ဥက္ကဌခူဦးရယ်က ပြောဆိုပါသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တွင် ဌာနပေါင်း (၈) ခုဖြင့် ဖွဲ့စည်းထားပြီး ကဏ္ဍအလိုက် ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here