ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သလို တော်လှန်ရေးကာလ ၃ နှစ်တာကာလအတွင်း KNDF တပ်ဖွဲ့ဝင် ၃၆၈ ဦး ကျဆုံးခဲ့ကြောင်း KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောဆိုသည်။
ခူးရီးဒူက “ ဒါကတော့ စစ်ရေးအရ ပြန်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် တဖက်က အောင်မြင်မှုတွေ ရရှိတယ်။ သို့သော် အဲ့ဒီရဲ့နောက်ကွယ်မှာတော့ ပေးဆပ်မှုတွေများတယ်ဆိုတဲ့ အရာလည်း ကျနော်တို့အနေနဲ့ သတိချပ်ဖို့ လိုတယ်ဆိုတဲ့ဟာပေါ့” ဟု ပြောသည်။
KNDF ဖွဲ့စည်းပြီး ၃ နှစ်တာအတွင်း မယ်စဲ့မြို့သိမ်းတိုက်ပွဲ၊ ထိုင်း-ကရင်နီ နယ်စပ်တလျှောက် စစ်ကောင်စီ တပ်စခန်း၊ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲ၊ ရှားတော ဗျူဟာကုန်းတိုက်ပွဲ၊ တစ်လေးလုံး လွိုင်ကော်မြို့ပြ စစ်ဆင်ရေး၊ မိုးဗြဲ – ဖယ်ခုံ အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု KNDF က သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဆိုသည်။
ကျဆုံးခဲ့သည့် KNDF တပ်ဖွဲ့ဝင်အများစုသည် အထက်ပါထိတွေ့တိုက်ပွဲများအတွင်း ကျဆုံးခဲ့တာ ဖြစ်သည်ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောဆိုသည်။
“တိုက်ပွဲထဲမှာကျတာ ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်းတိုက်ခိုက်မှု၊ မိုင်း စတာတို့ကြောင့် ကျဆုံးတာဖြစ်ပါတယ်” ဟု တာအယ်စိုးက ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်သည် ကရင်နီပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များတွင် တပ်အင်အား အများဆုံးလည်းဖြစ်သည်။
တပ်အင်အားသည် ၂၀၂၄ ခုနှစ်၊ မေလအထိ တပ်ရင်း (၂၈) ရင်း၊ ဗျူဟာ (၇) ခုနှင့် ဖွဲ့စည်းထားပြီး တပ်အင်အား ၁ သောင်းကျော်ရှိကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း KNDF ထံ ဝင်ရောက်လာကြသူများလည်း ရှိနေသည်ဟု သိရှိရသည်။
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ ၃ နှစ်အတွင်း ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၇၈ ဦး ကျဆုံးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။