စစ်ကောင်စီက မကွေးတိုင်းဘက်ကို စစ်ရှောင်လာသည့် ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူများကို ဖမ်းဆီးငွေညှစ်နေ

0
36
Photo – Social Media

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် ထိစပ်နေသော ဒေသများ၌ စစ်ဘေးရှောင်လာကြသည့် ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်သူများကို စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်နှင့် အမ်းဘက်မှ တိုက်ပွဲများကြောင့် မကွေးတိုင်း သရက်ခရိုင်အတွင်းသို့ စစ်ဘေးရှောင်လာကြသူများကို ထိုသို့ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ဘေးရှောင်လာကြသူများသည် ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ် ပုသိမ် – မုံရွာလမ်း အနောက်ဘက်တောများ တွင် ယာယီတဲများ ထိုးကာနေထိုင်ကြရပြီး စားနပ်ရိက္ခာနှင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံနေကြရကြောင်း ၎င်းတို့ပြောဆိုမှုအရ သိရသည်။

ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်သူများကို စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြ စစ်ဆေးခြင်း၊ ငွေတောင်းခံ ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု စစ်ရှောင်လာကြသူများနှင့် ဒေသခံများက ပြောသည်။

မှတ်ပုံတင် ၁၁/ ကိုင်ဆောင်ထားသူများဆိုပါက ရန်ကုန်လည်း ရန်ကုန်အလျောက် မန္တလေးလည်း မန္တလေး အလျောက် ကန့်သတ်ထားမှုများလည်း ရှိနေကြောင်း PRA-Magway စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ပြောသည်။

ယခုလို ကန့်သတ်မှုများသည် ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ပြန်လည်စတင် ဖြစ်ပွားချိန်ကတည်းက ပေါ်ပေါက်လာခြင်းဖြစ်ပြီး PRA-Magway က ကယ်ထုတ်ပေးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း ကိုနောင်သူရိန်က ပြောသည်။

ရခိုင်တကျော့ပြန် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မှနေ၍ ထောင်နဲ့ချီရှိ စစ်ဘေးရှောင်များသည် မင်းတုန်း၊ ကံမနှင့် သရက်မြို့နယ်များတွင် စစ်ဘေးရှောင်နေကြရပြီး တချို့သည်လည်း ယင်းမြို့များက တဆင့် ဆွေမျိုးများ ရှိရာ မြို့များဆီကို သွားရောက်နေထိုင်နေကြကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here