“နိုင်ငံတကာကနေ စစ်အုပ်စုဆီကို သယံဇာတနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ကနေပြီးတော့ ငွေတွေမလွှဲတော့ဘူး။ စစ်အုပ်စုအနေနဲ့ ငွေကြေးထောက်တိုင်တွေကို လုံးဝ ရပ်သွားဖို့ ရည်ရွယ်ပါတယ်။ ဒါကလည်း တော်လှန်ရေးမှာ နည်းနာအမျိုးမျိုးနဲ့ တိုက်နေတဲ့ဆီမှာမှ အရေးကြီးတဲ့ထောက်တိုင်ကို ဖျက်ဆီးနိုင်တဲ့ အနေအထားပေါ့” မူလန် – ပြောခွင့်ရသူ (Blood Money Campaign / BMC)

0
53
ပုံစာ - သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (BMC) ၏ ကန်ပိန်းလှုပ်ရှားမှုတခု။

Blood Money Campaign-BMC (သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့) ပြောခွင့်ရသူ မူလန်နှင့် စစ်ကောင်စီ၏ ငွေကြေးထောက်တိုင်များပြိုလဲရေး လှုပ်ရှားနေမှုများကို ဆက်သွယ်မေးမြန်းခြင်း။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သော CDM လှုပ်ရှားမှုကဲ့သို့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုမဟုတ်သော တက်ကြွလှုပ်ရှားသည့် အသင်းအဖွဲ့ အများအပြားပေါ်ပေါက်လာခဲ့ပြီး စစ်အုပ်စုယန္တရားတစ်ခုလုံး ပျက်စီးရန် တတ်နိုင်သည့်ကဏ္ဍမှ လှုပ်ရှားဆောင်ရွက်လျက် ရှိနေကြသည်။

ယင်းတို့ထဲတွင် စစ်အာဏာသိမ်းပြီး ၄ လအကြာ စတင်ဖွဲ့စည်းခဲ့သော သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign – BMC) သည်လည်း တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး စစ်ကောင်စီ၏ ငွေကြေးထောက်တိုင်များ ပြိုလဲရေးနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် နည်းမျိုးစုံဖြင့် လှုပ်ရှားတောင်းဆိုနေကြသည်။

BMC အဖွဲ့ စတင်ပေါ်ပေါက်လာပုံ၊ အဖွဲ့၏မျှော်မှန်းချက်နှင့် လှုပ်ရှားလုပ်ဆောင်ခဲ့မှုများ၊ လက်တလော လှုပ်ရှားမှုများ အခြေအနေများကို သိရှိနိုင်ရန်အတွက် BMC အဖွဲ့၏ ပြောခွင့်ရသူ မူလန်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ကို ဘယ်လိုတည်ထောင်ဖြစ်ခဲ့တာပါလဲ။ အဖွဲ့အကြောင်းလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign) က ၂၀၂၁ မေလကနေ စပြီးတော့ အကောင်အထည်ဖော် ဖြစ်ခဲ့တာပါ။ အကြမ်းမဖက် နည်းနာသင်တန်းပေါ့လေ။ သူက စစ်အာဏာရှင်စနစ်ကို ဘယ်လိုမျိုး အမြစ်ဖြတ်ရမလဲဆိုတဲ့ လှုပ်ရှားမှုနည်းနာတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုက ပူးပေါင်း လှုပ်ရှားကြတဲ့ လှုပ်ရှားမှုတွေအကြောင်း ကျနော်တို့ လေ့လာရတာမျိုးပါ။ စစ်အုပ်ချုပ်ရေး၊ စစ်အာဏာရှင်စနစ် တည်ဆောက်ဖို့ဆိုရင် ထောက်တိုင်တွေ ရှိတယ်။ အဲဒီထောက်တိုင်တွေကို ကျနော်တို့ ဘယ်လိုချေဖျက်ကြမလဲ ဆိုတာကို လေ့လာတဲ့သင်တန်းပါ။ အဲဒီသင်တန်းက တကယ့်ကို အဲဒီမြေပြင်သင်တန်းကနေမှ တော်လှန်ရေးထဲကို ကျနော်တို့ ရောက်လာကြတာဖြစ်ပါတယ်။

စတုန်းကတော့ အဲဒီသင်တန်းတက်တဲ့ တက်ကြွလှုပ်ရှားသူ (၅) ယောက်က စပြီးတော့ Blood Money Campaign ကို အစီအစဥ်တွေ ရေးဆွဲတယ်။ စုပေါင်းခေါင်းဆောင် ဆုံးဖြတ်ချက်ချမှုနဲ့ စပြီးတော့ အကောင်အထည် ဖော်ခဲ့တယ်။ အဲဒီကနေ မြေပြင်မှာ တက်ကြွလှုပ်ရှားသူတွေက ပူးပေါင်း ပါဝင်လာပြီးတော့ အခုလက်ရှိမှာတော့ Blood Money Campaign မှာ ပါဝင်ပြီး လှုပ်ရှားနေတယ်။ ပါဝင်တဲ့သူတွေကလည်း လူငယ်တွေ၊ ကျောင်းသားတွေ၊ ပညာရေးနယ်ပယ်ကသူတွေ၊ အရင်တုန်းက ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ၊ မသန်စွမ်း Community က လာတဲ့လူငယ်တွေ၊ LGBTIQ က လူတွေ၊ သုတေသနပိုင်းက လူငယ်တွေနဲ့ စုဖွဲ့ထားတာဖြစ်ပြီး ကျနော်တို့မှာ Generation X ရော Y ရော Z ရော သုံးခုလုံး ပါပါတယ်။ အဓိကကတော့ လူငယ်တွေ ဦးဆောင်ပါဝင်ကြတာပါ။

မေး။ ။ အဖွဲ့အနေနဲ့ တည်ထောင်ရတဲ့ အဓိကရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ အဓိကရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ရည်ရွယ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုကို ထောက်တိုင်အနေနဲ့ ထောက်ပံ့ပေးထားတဲ့ ငွေကြေးထောက်တိုင်ပေါ့နော်။ ဖျက်ဆီးဖို့ ပြိုလဲဖို့ ရည်ရွယ်တယ်။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်စနစ် စစ်တပ်ယန္တရားကို ငွေကြေးနဲ့ လက်နက်နဲ့ ပေါင်းပြီးတော့ တည်ဆောက်တာပါ။ ငွေကြေးမှာလည်း အဓိက နိုင်ငံခြားငွေပေါ့၊ လက်နက်ဝယ်ယူနေတဲ့ ငွေပေါ့၊ ပြီးတော့ ကျနော်တို့ တော်လှန်ရေးမှာလည်း လက်နက်ကိုင် တော်လှန်ရေးအပြင် CDM သပိတ်ပေါ့နော်၊ စစ်တပ်ထုတ်ကုန် မသုံးရေး ဒါတွေကို ကျနော်တို့ လုပ်ကြတယ်။

အဲဒီမှာမှ လက်နက်၊ လေယာဥ်ဆီ ဒါတွေကို အဓိကဝယ်တာသည် နိုင်ငံခြားငွေ ဖြစ်တယ်။ ဒီထောက်တိုင်တွေကို ပြိုလဲဖျက်ဆီးဖို့က ကျနော်တို့ရဲ့အဓိက ရည်ရွယ်ချက်ဖြစ်တယ်။ ကျနော်တို့ တော်လှန်ရေးအတွက် ဒီထောက်တိုင် တွေက ပြိုလဲဖို့ အရေးကြီးတယ်။ ပြီးတော့ ကျနော်တို့က နိုင်ငံခြားငွေ လျော့ကျသွားဖို့ကို ပိုပြီးပစ်မှတ်ထားတယ်။ ဒါဟာစစ်အုပ်စုရဲ့ စစ်သုံးစရိတ် စစ်အင်အားလျော့ကျဖို့ အများကြီး ရည်ရွယ်တယ်။ စစ်အုပ်စုနဲ့ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း လက်တွဲ အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေကို ကျနော်တို့ ဖိအားပေးဖို့ ရည်ရွယ်တယ်။ Business and Human Right ပေါ့နော်။ ဒီစံနှုန်းတွေကို လိုက်နာဖို့၊ အကြမ်းဖက် စစ်အုပ်စုနဲ့ အလုပ်လုပ်နေတာတွေ ရပ်ဖို့အတွက် အဓိက ငွေလွှဲနေတာတွေရပ်ဖို့ ဖိအားပေးဖို့ ရည်ရွယ်ပါတယ်။

မေး။ ။ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့အနေနဲ့ ဖွဲ့စည်းတဲ့အချိန်ကနေ လက်ရှိအချိန်ထိ ဘယ်လိုလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပါလဲ။ ပြောပြပေးပါအုံး။

ဖြေ။ ။ ကျနော်တို့ စတင်ဖွဲ့စည်းတဲ့ အချိန်ကနေ စပြီးတော့ MOGE ကို တစိုက်မတ်မတ် လှုပ်ရှားခဲ့တယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဆိုတာက မြန်မာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေကို ၈၀ ရာခိုင်နှုန်း လောက်ရနေတဲ့ နိုင်ငံပိုင်လုပ်ငန်းတစ်ခု ဖြစ်တယ်။ ဒီဝင်ငွေတွေနဲ့ စစ်အုပ်စုက ၁၉၈၈ ခုနှစ် ကနေ အခုချိန်ထိ စစ်တပ်ယန္တရားကို တည်ဆောက်လာနိုင်တယ်။ ဒီငွေတွေနဲ့ပဲ MEC (မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း) ဦးပိုင် ကုမ္ပဏီတွေကို တည်ထောင်ခဲ့တယ်။ ဒီငွေတွေနဲ့ပဲ ခေတ်မီတဲ့စစ်တပ်ကို တည်ထောင်တဲ့ကိစ္စတွေ၊ လက်နက် ဝယ်တာတွေ၊ စစ်တိုက်တဲ့ တိုက်လေယာဥ် နဲ့ လေယာဥ်ဆီဝယ်တာတွေ ဒါတွေကို MOGE ကနေ တိုက်ရိုက် သုံးစွဲတယ်ဆိုတာ ကျနော်တို့ရဲ့သုတေသန အချက်အလက်တွေအရ သိရတယ်။ MOGE က ဝင်ငွေတွေ အကြမ်းဖက်စစ်အုပ်စုဆီ မရောက်ရှိရေးဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်။ အခုချိန်ထိလည်း လုပ်တုန်းပေါ့နော်။

MOGE ကနေ တခါ MFTB, MICB ပေါ့။ MOGE က လွှဲလိုက်တဲ့ဝင်ငွေတွေသည် MFTB (မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် / Myanma Foreign Trade Bank) ကို တိုက်ရိုက်ဝင်တယ်။ အဲဒီကနေ လက်နက်ရောင်းတဲ့ နိုင်ငံတွေကို တိုက်ရိုက်ငွေလွှဲတယ်။ ဒါကြောင့် ဒီဘဏ်တွေရဲ့ငွေကြေး Transaction (ငွေလွှဲစီးဆင်းမှု) တွေကို တားမြစ်ပိတ်ဆို့ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေလည်း ကျနော်တို့ လုပ်ခဲ့တယ်။ Telenor ဆိုလည်း မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့နေရာမှာ တာဝန်ယူတာဝန်ခံမှုရှိဖို့ တိုက်တွန်းတဲ့လှုပ်ရှားမှုတွေ ကျနော်တို့ လုပ်ခဲ့တယ်။ နောက်တခါ လက်နက်နဲ့ လေယာဥ်ဆီဆိုရင်လည်း စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို ဝင်နေတာတွေ ရှိနေတယ်။

အနောက် နိုင်ငံတွေက ဘယ်လောက်ပဲ ပိတ်ဆို့အရေးယူတယ်ပြောပြော စင်ကာပူသည် ခွင့်ပြုနေတယ်။ သူက ကြားခံပွဲစား နိုင်ငံဖြစ်တယ်။ လက်နက်ပဲသွင်းသွင်း လေယာဥ်ပဲသွင်းသွင်း အကုန်သွင်းလို့ ရနေတယ်။ အဲဒီတော့ စင်ကာပူ အစိုးရကို ဖိအားပေးလှုပ်ရှားတဲ့ လှုပ်ရှားမှုတွေလည်း ကျနော်တို့ လုပ်ခဲ့တယ်။ နောက်တခုက အခု လတ်တလော လုပ်နေတဲ့ လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုကို တောက်လျှောက်သွားနေတယ်။ ဒါတွေအားလုံးကိုလည်း ကျနော်တို့ BMC တစ်ဖွဲ့တည်းပဲ လှုပ်ရှားနေတာ မဟုတ်ပါဘူး။ တော်လှန်ရေးမှာ ရှိနေတဲ့ အစုအဖွဲ့တွေ၊ မဟာမိတ်တွေ၊ ပြည်တွင်းပြည်ပ အင်အားစုတွေ၊ ပြည်သူလူထုရော အားလုံးပူးပေါင်းပြီး‌တော့ လုပ်ဆောင်နေပါတယ်။ တချို့သောရလဒ်တွေ ရခဲ့တာလည်းရှိသလို မျှော်မှန်းထားသလောက် မရခဲ့တာလည်း ရှိပါတယ်။ အခု တလောကတော့ MOGE နဲ့ ပတ်သက်ပြီးတော့ရော လေယာဥ်ဆီ ဖြတ်တောက်ရေးအတွက်ရော ဆက်လက်လှုပ်ရှားနေပါတယ်။

မေး။ ။ အာဏာသိမ်းကာလတလျှောက် လှုပ်ရှားမှုတွေ လုပ်ဆောင်လာတဲ့အပေါ်မှာ ဘယ်လိုအကျိုးရလဒ်မျိုးရှိဖို့ အဖွဲ့အနေနဲ့ မျှော်လင့်ပါလဲ။

ဖြေ။ ။ အကျိုးရလဒ်အနေနဲ့ကတော့ MOGE ကနေ ဝင်နေတဲ့ ဝင်ငွေတွေ လုံးဝ ရပ်သွားဖို့ပါ၊ MOGE က ဝင်ငွေတွေသည် ဘဏ်တွေမှာ Freeze ဖြစ်သွားဖို့ စစ်အုပ်စုက ထုတ်ယူသုံးစွဲခွင့် မရတော့ဘူးဆိုရင် လက်နက်တွေ၊ လေယာဥ်ဆီတွေ ဝယ်နေတဲ့ ငွေတွေလည်း ရပ်တန့်သွားမယ်။ ဝယ်ဖို့ရန် ရနေတဲ့ဒေါ်လာ ဝင်ငွေတွေလည်း ရပ်သွားမှာ ဖြစ်တယ်။ နိုင်ငံတကာကနေ စစ်အုပ်စုဆီကို သယံဇာတနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ကနေပြီးတော့ ငွေတွေမလွှဲတော့ဘူး။

စစ်အုပ်စုအနေနဲ့ ငွေကြေးထောက်တိုင်တွေကို လုံးဝ ရပ်သွားဖို့ ရည်ရွယ်ပါတယ်။ ဒါကလည်း တော်လှန်ရေးမှာ နည်းနာအမျိုးမျိုးနဲ့ တိုက်နေတဲ့ဆီမှာမှ အရေးကြီးတဲ့ ထောက်တိုင်ကို ဖျက်ဆီးနိုင်တဲ့ အနေအထားပေါ့။ တခြားသော ထောက်တိုင်တွေလည်း ပြိုနေတဲ့အချိန်မှာ ငွေကြေးထောက်တိုင်ကလည်း ပြိုသွားမယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုက ကျဆုံးပြီးတော့ ကျနော်တို့လိုချင်တဲ့ နိုင်ငံသစ် တရားမျှတမှုနဲ့ တန်းတူညီမျှ လွတ်လပ်တဲ့နိုင်ငံကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကကျနော်တို့ ရည်ရွယ်တဲ့ရလဒ် ရည်မှန်းချက်ပါ။

မေး။ ။ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့အနေနဲ့ ဘယ်လိုအစုအဖွဲ့တွေနဲ လက်တွဲဆောင်ရွက်နေတာရှိလဲ။ အဓိကအားဖြင့် ဘယ်လိုကဏ္ဍတွေမှာလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြည်တွင်းပြည်ပ နိုင်ငံတကာက တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ ပါတယ်။ သုတေသနအဖွဲ့အစည်းတွေလည်း ပါပါတယ်။ နောက်ပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ လူပုဂ္ဂိုလ်တွေသော်လည်းကောင်း အဖွဲ့အစည်းတွေသော် လည်းကောင်း ပါပါတယ်။ ဒီလိုမျိုး အဖွဲ့အစည်းတွေအားလုံးနဲ့ ကျနော်တို့ လက်တွဲဆောင်ရွက်နေပါတယ်။ ကျနော်တို့ BMC က လုပ်တဲ့ လှုပ်ရှားမှုကဏ္ဍတိုင်းမှာ အစုအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပါတယ်။

ပြီးတော့ ကျနော်တို့က သက်သေနဲ့တကွ Report စာတမ်းတွေကို ဆန်းစစ်လေ့လာ ဆွေးနွေးတိုင်ပင်ပြီးမှ လှုပ်ရှားမှု တခုချင်းစီအတွက် အစီအစဥ် ရေးဆွဲပါတယ်။ ဘာတွေလုပ်မလဲဆိုတာ ဆွေးနွေးသုံးသပ်၊ ဆုံးဖြတ်တယ်ပေါ့နော်။ State holder တွေ အရေးကြီးတဲ့သူတွေနဲ့ ဒီအပေါ်မှာ သိရှိနားလည်တဲ့ တက်သိပညာရှင်တွေ၊ လူထုရဲ့ သဘောထားဆန္ဒ၊ ဒါတွေအားလုံးကို ထည့်သွင်းစဥ်းစားပြီးမှ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အခုနကပြောသွားတဲ့ အဖွဲ့တွေအပြင် ပြည်သူလူထုနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာပါ။

မေး။ ။ အဖွဲ့ရဲ့ နောက်ထပ်ဆောင်ရွက်သွားမယ့် လှုပ်ရှားမှုအစီအစဥ်ကရော ဘာတွေရှိလဲ။

ဖြေ။ ။ အစကတည်းက စခဲ့တဲ့ MOGE မှာ ဝင်နေတဲ့ ဝင်ငွေတွေ ရပ်ဖို့အတွက်ကို ဆက်ပြီးတော့ လှုပ်ရှားနေပါ တယ်။ MOGE နဲ့ ပတ်သက်ရင် စစ်အုပ်စုကို အမေရိကန်က အပြီးအပိုင် ဒဏ်ခတ်ပိတ်ဆို့တာ မလုပ်ဘူး၊ ငွေကြေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့တာပဲ လုပ်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံပိုင် PTTEP သည် MOGE နဲ့ ပတ်သက်ရင် ရတနာကုမ္ပဏီစီမံကိန်းမှာဆိုရင် သူက အော်ပရေတာလည်း ဖြစ်တယ်၊ ငွေပေးချေသူလည်း ဖြစ်တယ်။ MOGE နဲ့ ပတ်သက်ပြီး ငွေကြေးဆိုင်ရာ သုံးစွဲမှု၊ ဒေါ်လာသုံးစွဲမှုတွေ ပိတ်ထားသော်လည်း သူက စစ်တပ်ကို ဒေါ်လာကနေ ထိုင်းဘတ်ငွေကို ပြောင်းလဲပြီး ငွေဆက်လွှဲနေတယ်။ ဒါတွေသည် စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု တွေကို တိုက်ရိုက်ငွေကြေး ထောက်ပံ့နေတာ ဖြစ်တယ်။ ဒါကြောင့် ငွေဆက်မလွှဲဖို့ နိုင်ငံရေးအရရော ဖိအားပေး တာတွေ ကျနော်တို့ ဆက်လုပ်နေသလိုပဲ PTT မှာပါနေတဲ့ ရှယ်ယာရှင်တွေကိုလည်း PTT ကနေ နှုတ်ထွက်ဖို့ ကျနော်တို့ ဖိအားပေးနေတယ်။

ရက်ပိုင်းလောက်ကဆိုရင် Rebco ကုမ္ပဏီက PTT ကနေ လုပ်နေတဲ့ လုပ်ငန်းတွေဆီက နုတ်ထွက်တဲ့ Report တွေ သူတို့ထုတ်ခဲ့တယ်။ ဒါတွေက ကျနော်တို့တဖက်က‌နေ Rebco နဲ့တွေ့ပြီးတော့ ဖိအားပေးတာ ရှိတယ်။ ကျနော်တို့နဲ့အတူတူ အခြားသော အစုအဖွဲ့တွေလည်းရှိတာပေါ့။ တွေ့တယ်၊ တွေ့ပြီးတော့ PTT နဲ့ အလုပ်လုပ် နေတာတွေရပ်ဖို့၊ ငွေလွှဲတာတွေ ဆက်မလုပ်ဖို့ ကျနော်တို့ ဖိအားပေးတာတွေ ရှိပါတယ်။ ဒါတွေက အကျိုးရလဒ် ပေါ့လေ။ ဆက်ပြီးလည်း PTT မှာပါနေတဲ့ ရှယ်ယာရှင်တွေကို ဖိအားပေးဖို့ ရှိပါတယ်။ နောက်တခုကတော့ လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုပေါ့နော်၊ လေကြောင်း တိုက်ခိုက်မှုကြောင့် တော်လှန်ရေးကြန့်ကြာ နေတာတွေ ရှိတယ်၊ ကလေးတွေ နေ့စဥ်သေကြေ နေရတယ်။ တိုက်ထားတဲ့နယ်မြေတွေကို ပြန်ပေးလိုက် ရတယ်။ အဲဒီတော့ တိုက်ခိုက်မှုတွေ ရပ်ဖို့က လေယာဥ်ဆီ မရှိဖို့လိုတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ မရှိမှသာ တော်လှန်ရေးပန်းတိုင်နီးလာမှာ စစ်အုပ်စုပြိုလဲမှာ ဖြစ်တယ်။

စစ်အုပ်စုဟာ အခုချိန်မှာ လေယာဥ်ဆီကို အားကိုးနေရတာ။ ဒါကြောင့်လေယာဥ်ဆီနဲ့ ပတ်သက်ပြီး ဖြတ်တောက်ရေးအတွက် လေယာဥ်ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို မြန်မာပြည်ကို လေယာဥ်ဆီမသွင်းဖို့ မရောင်းဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးလှုပ်ရှား တောင်းဆိုနေတာတွေရှိသလို USA, UK, EU အစိုးရကိုလည်း လေယာဥ်ဆီ မြန်မာပြည်တင်သွင်း ရောင်းချမှုကို ပိတ်ပင်ဖို့ကို ကျနော်တို့ ဆက်တောင်းဆိုနေတယ်။ သီလဝါ ဆိပ်ကမ်းကနေ ပြည်တွင်းကို ရောက်လာတဲ့ လေယာဥ်ဆီကို ဖြတ်တောက်ရေးကိစ္စရပ်ကိုလည်း ကျနော်တို့ အခြားသော အင်အားစုတွေနဲ့ ပေါင်းပြီးတော့ လိုအပ်တဲ့လှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်။ ပြောသွား တာတွေကတော့ အဓိကအနေနဲ့ လှုပ်ရှားနေတာပေါ့လေ။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး တခြားသော လှုပ်ရှားမှု တွေလည်း မဟာမိတ်တွေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ ဆက်လှုပ်ရှားနေတာလည်း ရှိပါတယ်။ ဥပမာ- Blood Taxation ပေါ့နော် သွေးစွန်းအခွန်ကို ဆန့်ကျင်တဲ့ကိစ္စမျိုးတွေ၊ White Campaign တို့ စသဖြင့်ပေါ့လေ၊ တခြားသော လှုပ်ရှားမှုတွေလည်း အများကြီးရှိနေပါတယ်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here