CDM ကျောင်းဆရာမနှစ်ဦး NUG အွန်လိုင်းစာသင်ကျောင်းတွင် စာသင်ကြားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ

0
163
Photo - CJ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ဒေသနေ CDM ကျောင်းဆရာမ နှစ်ဦးကို မေလ ၂၈ ရက်နေ့က ထားဝယ်အကျဉ်းထောင် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

CDM ကျောင်းဆရာမများဖြစ်သည့် ဒေါ်သီတာဦးနှင့် ဒေါ်နီလာစန်းတို့ကို ထားဝယ်အကျဉ်းထောင်တရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့နှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ CDM ကျောင်းဆရာမနှစ်ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး ၃ လ အကြာမှာ ယခုလို ထောင်ဒဏ်များ ချမှတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

CDM ကျောင်းဆရာမနှစ်ဦးက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသော အွန်လိုင်းစာသင်ကျောင်း များတွင် စာသင်ကြားနေခြင်းကြောင့် ၎င်းတို့နှစ်ဦးကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေသည့် စွဲဆိုချက် ပုဒ်မများနှင့် အမှုဖွင့် တရားစွဲခဲ့ပြီးနောက် အခုလို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်သည်ဟု ဒေသခံများက ပြောဆိုသည်။

ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခံလိုက်ရသည့် CDM ကျောင်းဆရာမနှစ်ဦးကို ထားဝယ်အကျဉ်းထောင်မှာပင် ဆက်လက်အကျဉ်းချထားသည်ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

ပြီးခဲ့သည့် မေ ၇ ရက်နေ့က ကံပေါက်ဒေသမှ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော CDM ကျောင်းဆရာမနှစ်ဦးဖြစ်သည့် ဒေါ်သက်သက်မော်နှင့် ဒေါ်ယဉ်ယဉ်အေးတို့နှစ်ဦးကို တနင်္သာရီတိုင်း၊ ရေဖြူတရားရုံးက ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်ခံခဲ့သည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မှတ်တမ်းအချက်အလက်များအရ အာဏာသိမ်းကာလအတွင်း လူပေါင်း ၂၆,၀၀၀ ကျော် ဖမ်းဆီးခံရပြီး ယင်းတို့ထဲက လူပေါင်း ၂၀,၀၀၀ ကျော်ဟာ ဆက်လက်ထိန်းသိမ်း ခံထားရသည်ဟု မေ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here