တိုက်ပွဲကြောင့် ဟုမ္မလင်းမြို့၊ နောင်ပိုအောင်ကျေးရွာရှိ ဒေသခံတချို့နှင့် ပညာရေးဝန်ထမ်းများ စစ်ဘေးရှောင်ရ

0
35
ပုံစာ - နောင်ပိုအောင်စံပြကျေးရွာ စစ်ရှောင်ပညာရေးဝန်ထမ်းတချို့။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ PDF တို့ အကြား တိုက်ပွဲကြောင့် မေလ ၂၅ ရက်နေ့က ဒေသခံတချို့နှင့် ပညာရေးဝန်ထမ်းမိသားစုများ ဟုမ္မလင်းမြို့ပေါ်ကို တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့က စပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နောင်ပိုအောင်စံပြကျေးရွာအနီးရှိ လွှစင်ကုန်းကျေးရွာ၊ ပုရစ်ဖာနိုင်းကျေးရွာနှင့် မုက့်ကလိကျေးရွာအနီးရှိ (SNA) ၏ ကင်းစခန်းများကို တပြိုင်တည်း တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲပြန်ဖြစ်ပွားကြောင်း နောင်ပိုအောင်ကျေးရွာမှ ဒေသခံများက ပြောဆိုသည်။

စစ်ဘေးတိမ်းရှောင်လာသူများတွင် နောင်ပိုအောင်ကျေးရွာမှ ပညာရေးဝန်ထမ်း အများစုပါဝင်ပြီး ၎င်းတို့သည် ဟုမ္မလင်းမြို့ပေါ်ရှိ သီတဂူဆေးရုံဝင်းတွင် စစ်ဘေးတိမ်းရှောင်နေကြပြီး မိသားစု ၅၀ ကျော် ပါရှိကြောင်း စစ်ဘေးတိမ်းရှောင်သူများကို ကူညီနေသူတစ်ဦးက ပြောဆိုသည်။

“အခြေအနေက ဆိုးဆိုးရွားရွားတော့ မဟုတ်ဘူး။ ကြိုရှောင် ခဲ့လိုက်တာပေါ့။ လွှစင်ကုန်းနဲ့ နောင်ပိုအောင်က ပညာရေးဝန်ထမ်းတွေပဲ” ဟု အဆိုပါ စစ်ဘေးရှောင်များကိုကူညီနေသူက ပြောသည်။

နောင်ပိုအောင်စံပြကျေးရွာတွင် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်နေချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ရုတ်တရက် စစ်ဘေးရှောင်ခဲ့ကြရသည်ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

သီတဂူဆေးရုံဝင်းအတွင်း လုပ်ကိုင်နေသူတစ်ဦးက “ဒီနေ့ (မေလ ၂၆) ရက်နေ့မှာလည်း ထပ်ရောက်လာတယ်။ ကျွန်တော်တို့ ရှိနေတုန်းကို အဓိကတော့ ပညာရေး ဝန်ထမ်းမိသားစုတွေပဲ။ နောင်ပိုအောင် ၊ လွှစင်ကုန်း အဲ့နား တဝိုက်ကနေ ဆရာဆရာမတွေပဲ ၊ လွှစင်ကုန်းက ဒေသခံတွေကတော့ နဂိုကတည်းက ရှောင်ထားပြီးသားပဲ ဆိုတော့ အခုက ဆက်ရှောင်စရာ မလိုတာ” ဟု ပြောသည်။

နောင်ပိုအောင်စံပြကျေးရွာ ဒေသခံတချို့သည် နီးစပ်ရာကျေးရွာများရှိ ၎င်းတို့၏ဆွေမျိုးများ နေအိမ်တွင် သွားရောက် ခိုလှုံနေထိုင်ကြပြီး ဒေသခံအများစုမှာလည်း ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲများ ဖြစ်ပွားချိန် ကတည်းက ထွက်ပြေးတိမ်းရှောင် နေကြခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက နောင်ပိုအောင်ကျေးရွာနှင့် အနီးရှိ လွှစင်ကုန်းကျေးရွာတို့တွင် ရှမ်းနီ အမျိုးသားများတပ်မတော် (SNA)နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် နောင်ပိုအောင်ဒေသခံများ သာမက နောင်ပိုအောင်အုပ်စုတွင် ပါဝင်သည့် ကျေးရွာ ၄ ရွာမှ ဒေသခံများပါ စစ်ဘေးတိမ်းရှောင်ပြေးခဲ့ရသည်။

နောင်ပိုအောင်စံပြကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲသည်လည်း မေလ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး ပြန်လည် တည်ငြိမ်သွားပြီဟု နောင်ပိုအောင်ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here