တနင်္သာရီတွင် စစ်ကောင်စီယာဉ်တန်းမှ ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေနတ်ထိမှန်

0
42

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းမှ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဖြတ်သန်းသွားသည့် စစ်ကောင်စီ ရိက္ခာပို့ယာဥ်တန်းမှ လမ်းတလျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ခြင်းကြောင့် မိန်းကလေးငယ်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က မြိတ်မြို့ဘက်မှ မောင်းနှင်လာသည့် ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ရမ်းဖို၊ ကမ်းတိုနှင့် ဘန်းလမွတ်ကျေးရွာ တလျှောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။

လမ်းတလျှောက် မိုင်းဆွဲတိုက်ခိုက်ခံရသော ထိုစစ်ကောင်စီယာဥ်တန်းသည် လမ်းတွင် ရပ်နားခြင်းမပြုဘဲ လက်နက်ကြီး၊ လက်နက်ငယ်နှင့် စက်လတ်များ အသုံးပြု၍ တရစပ်ပစ်ခတ်ပြီး ဆက်လက်မောင်းနှင် ထွက်ခွာသွားကြောင်း ရွာသားများက ပြောဆိုသည်။

ထိုသို့ စစ်ကောင်စီယာဥ်တန်းက ပစ်ခတ်မောင်းနှင်သွားစဉ် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ ကဒဲလိပ်ကျေးရွာကို ဖြတ်သန်းချိန် နေအိမ်အတွင်းရှိနေသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါမိန်းကလေးကို တနင်္သာရီမြို့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “အိမ်ထဲမှာ နေရင်းထိသွားတာပါ။ ရွာထဲမှာက တခြားအိမ်တွေကိုလည်း ကျည်မှန်တာ အများကြီးပါပဲ။ သူ့တစ်ယောက်ပဲ ကံဆိုးပြီး နဖူးမှာတစ်ချက်၊ ပေါင်မှာတစ်ချက် ကျည်ရှပ်ထိ သွားတယ်” ဟု ပြောသည်။

ထို့နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင်ပင် မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာသည့် နောက်ထပ် ရိက္ခာတင် ယာဉ်တန်း ၅ စီးကိုလည်း မြိတ်မြို့နယ်၊ တောင်ပုကျေးရွာအနီးတွင် တကြိမ်၊ တနင်္သာရီမြို့နယ် ရမ်းဖို ကျေးရွာနှင့် ကမ်းတိုကျေးရွာအကြားတွင် တကြိမ်နှင့် ဘန်းလမွတ်ကျေးရွာအနီးတွင် တကြိမ် စုစုပေါင်း ၃ ကြိမ် တိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ​တောဗုံးကြီးအဖွဲ့ တာဝန်ရှိသူ က ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီရိက္ခာတင်ယာဥ်တန်း တိုက်ခိုက်မှုကို တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလော – ပကဖ၊ ဗိုလ်ခရင်းတပ်ဖွဲ့နှင့် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ရိက္ခာပို့ဆောင်ပြီး မြိတ်မြို့ဘက်ကို ပြန်လာသည့် စစ်ကောင်စီယာဉ် ၇ စီး ကိုလည်း မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး၌ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here