ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) က စစ်မှုထမ်း လူစားထိုးစရိတ်အတွက် အိမ်ထောင်တစ်စုလျှင် ငွေကျပ် ၁ သိန်း ၂ သောင်းနှုန်း ကောက်ခံနေသည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။
ယခု မေလအတွင်း စစ်မှုထမ်း မဲပေါက်သူ ၆ ဦး အတွက် မေလဒုတိယပတ်မှစတင်၍ ကောက်ခံနေခြင်းဖြစ်ပြီး မဲပေါက်သူများအနေဖြင့် ငွေကျပ် ၁၂၀,၀၀၀ သာမက တစ်နှစ်စာအတွက် တစ်ဦးချင်းအလိုက် သိန်း ၁၅၀ ပေးဆောင်သွားရမည်ဟု PNA က ဆိုသည်။
ကျေးရွာနေအမျိုးသားတစ်ဦးက “အရင်တုန်းကလည်း ၅ သောင်း ကောက်လိုက်၊ ၆ သောင်း ကောက်လိုက်၊ ၁ သိန်း ကောက်လိုက် ခဏခဏကောက်တယ်။ အခု တစ်ခေါက် ၁ သိန်း ၂ သောင်း ပေါ့နော်။ ၁ လကို ၆ ယောက်ခေါ်မယ်။ အဲ့ဒီ ၆ ယောက် ၆ ယောက်ကို ၁ နှစ်စာတွက် တစ်လကို ၁ သိန်း ၂ သောင်း ဆက်ကောက်သွားမယ်ဆိုရင်က ပြည်သူလူထုအနေနဲ့က ခံနိုင်မှာမဟုတ်ဘူးပေါ့” ဟု ပြောသည်။
ကျေးရွာအတွင်း အိမ်ထောင်စုအလိုက် ငွေကြေးကောက်ခံနေသူမှာ အုပ်ချုပ်ရေးမှူးခွန်ထွန်းလှိုင် ဆိုသူဖြစ်ပြီး ၎င်းသည် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA ထိပ်သီးခေါင်းဆောင် ပီတာထွန်းနိုင်၏ သမက်ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
စစ်မှုထမ်း လူစားထိုးစရိတ်အား မေလကုန် နောက်ဆုံးထား၍ ထည့်ဝင်ရမည် ဖြစ်သော်လည်း လတ်တလောတွင် ငွေကြေး မပြေလည်ကြသည့်အတွက် ဒေသခံများအနေဖြင့် ချေးငှားကာ ဖြေရှင်းရမည်ဟု ရွာခံအမျိုးသားတစ်ဦးက အခုလို ပြောပါသည်။
“အဲ့လိုပဲပေါ့ ဒေသခံတွေကတော့ ချေးငှားပြီးတော့မှ ဖြေရှင်းကြရတာပဲလေ။ ပိုက်ဆံမထည့်တဲ့ အိမ်ကြရင်လည်း သူတို့က လူမှုအသိုင်းအဝိုင်းကနေ ပယ်မယ်။ ပိုက်ဆံမထည့်တဲ့အိမ် သွားရမယ် ဆိုပြီးတော့မှ ခြိမ်းခြောက် နေကြတော့လည်း လူထုတွေက မရှိရှိတာနဲ့ ပေါင်နှံရောင်းချ ချေးငှားပြီးတော့ ဖြေရှင်းကြရတာပေါ့။”
နောင်ကားကျေးရွာနေ ပြည်သူများအား စီးပွားရေး အဆင်ပြေသည်ဟု ယူဆပြီး စစ်မှုထမ်း လူစားထိုးစရိတ် အတွက် အိမ်ထောင်တစ်စုလျှင် ငွေကျပ် ၁ သိန်း ၂ သောင်းနှုန်း ကောက်ခံနေသော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ်ကြောင်း အဆိုပါကျေးရွာနေ ပြည်သူများက ပြောသည်။
နောင်ကားဒေသခံတစ်ဦးက “နောင်ကားက အဆင်ပြေသယောင်ဆိုတာ လမ်းမကြီးဘေးပဲ၊ အဲ့ဒီနောင်ကားမှာက တိုက်အိမ်တွေ များတယ်ဆိုတာလည်း သားသမီးတွေ မိဘတွေက ထိုင်းမှာကျွန်သွားခံပြီးတော့ အဲ့ဒီလုပ်အားခနဲ့ ဆောက်ထားကြတာပေါ့နော်၊ တကယ့်အတွင်း ရွာထဲမှာက အဲ့လောက် စီးပွားမဖြစ်ထွန်းဘူး” ဟု ပြောသည်။
ဆက်လက်ပြီး အဆိုပါဒေသခံက “နောင်ကားအုပ်စုထဲက တခြားကျေးရွာတွေဆိုရင်လည်း စီးပွားရေးက ဘာမှ မရှိဘူးပေါ့နော်၊ စီးပွားရေး မကောင်းကြဘူး။ အကုန်လုံးက ထိုင်းမှာပဲသွားကြတာ။ တိုက်အိမ်တွေ တိုးတက်လာတယ်ဆိုတာက ထိုင်းမှာ အလုပ်လုပ်ပြီးတော့ ပိုက်ဆံလွှဲပြီးတော့ လုပ်ထားတဲ့အိမ်တွေချည်းပဲပေါ့။ ဒီဟာလည်း ဘယ်လိုမှ သက်တောင့်သက်သာ မဖြစ်ဘူးပေါ့နော်” ဟု ပြောဆိုသည်။
နောင်ကားမြို့နယ်တွင် စစ်အသုံးစရိတ်အဖြစ် ယခင်လများအတွင်း PNA က ၅၀,၀၀၀ ကျပ် တစ်ကြိမ်၊ ၆၀,၀၀၀ ကျပ် တစ်ကြိမ်၊ တစ်သိန်းကျပ် တစ်ကြိမ် ကောက်ခံဖူးသည့်အပြင် စစ်မှုထမ်း ၆ ဦးကိုလည်း တစ်ကြိမ်ခေါ်ယူဖူးသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ပြည်ပရောက် စစ်မှုထမ်း အကြုံးဝင်သည့်လူငယ်များမှာလည်း စစ်မှုထမ်း လူစားထိုးစရိတ်အတွက် လစဉ်ငွေကြေး ထည့်ဝင်နေကြရသည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်၊။
NMG ပေးပို့သည်။