ဝိုင်းမော်မြို့ပေါ်နှင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံထောင်ချီ တိုက်ပွဲလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေ

By MPM 22 မေ, 2024 👁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေတာကြောင့် ဝိုင်းမော်မြို့ပေါ် ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဝိုင်းမော်မြို့ခံများက ပြောဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေကြမှုအပေါ် ဝိုင်းမော်၊ဝူယာန်ဒေသခံတစ်ဦးက “မနေ့ကနေ ဒီကနေ့အထိတော့ ဝိုင်းမော်မြို့ပေါ်က သူတွေလည်း တော်တော်များများ တိမ်းရှောင်နေကြပြီ။ ဆွေမျိုးရှိတဲ့သူတွေက မြစ်ကြီးနားဘက်ကို သွားကြတယ်။ တချို့ကတော့ နယ်ခြားစောင့်တပ်ရှိတဲ့ နေရာဘက်ကို သွားကြတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဝိုင်းမော်မြို့ပေါ်မှာ လာရှောင်နေကြတဲ့ စစ်ရှောင်တွေပါ ထပ်ပြီးတော့တိမ်းရှောင်သွားပြီ” ဟု ပြောသည်။

တိမ်းရှောင်နေကြသည့် ကျေးရွာပေါင်းမှာလည်း ကျေးရွာ ၂၀ ကျော် ရှိလာပြီဖြစ်ကြောင်း၊ ထိုကျေးရွာများမှ ချီဖွေနှင့် ဆဒုံးသွားကားလမ်းမပေါ်ရှိ မဒိန်၊ ခကွမ်၊ ဝူယာန်၊ မုတ်ကျိတ်၊ လမြန်၊ နမ့်ဝါ၊ လဘန်၊ ဝါးရှောင်နှင့် ဧရာဝတီ မြစ်ကမ်းနဘေးရှိ ခတ်ချို၊ မခန္တီး၊ နောင်းဟီး၊ စန်းကား၊ တာစခန်း၊ ခန့်လုံ၊ မိုင်းမော် စသည့် ကျေးရွာများ အပြင် ဗန်းမော်မြို့သွား ကားလမ်းမပေါ်မရှိ ဂါးရာယာန်၊ ကဇူး၊ ရွှေညောင်ပင်၊ အောင်မြေ (၁)၊ အောင်မြေ (၂)၊ အင်းလေး၊ နောင်စီပေါ၊ ခါးရှီ စသည့် ကျေးရွာအားလုံးနီးပါးက ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ၎င်းက ဆိုသည်။

“ရွာတိုင်းအားလုံးနီးပါးက ရှောင်သွားကြပြီလို့ ပြောလို့ရပြီ။ ကျနော်တို့ရွာပဲ ကြည့်ရင်တောင် ဘယ်သူမှ မရှိတော့ဘူး။ တချို့နေရာမှာ အိမ်စောင့်လောက်တော့ ရှိကြတယ်။ အခုစစ်ရှောင်ကြတဲ့ သဘောကတော့ တိုက်ပွဲ ဖြစ်နေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ စခန်း သိမ်းလိုက်ပြီဆိုရင် ဒီထက်ပိုဆိုးရွာလာမှာစိုးလို့ဟုတ်တယ်။ မနေ့က တောင် ခတ်ချိုမှာ လက်နက်ကြီးကျလို့ အရပ်သားကလေးငယ်တွေ သေဆုံးသွားကြတယ်။ ကြောက်လို့ အကုန် ထွက်ပြေးကြတာ” ဟု အဆိုပါဝိုင်းမော်ဒေသခံက ပြောပါသည်။

ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဝိုင်းမော်မြို့ပေါ်ကို လာရောက်တိမ်းရှောင် နေကြသည့် လမြန်၊ မုတ်ကျိတ် စသော စစ်ရှောင်ပြည်သူများနှင့် ၂၀၁၁ ခုနှစ်ကာလက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဆယ်စုနှစ်တစ်ခုကြာ ဝိုင်းမော်မြို့တွင် လာရောက်စစ်ဘေးတိမ်းရှောင်နေကြသော စစ်ရှောင်များပါ ဝိုင်းမော်မြို့ ပေါ်ကနေ ဒုတိယအကြိမ် ထပ်မံတိမ်းရှောင်နေကြရကြောင်း ဝိုင်းမော်မြို့ခံများက ပြောသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် နေရာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းအပြင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်း၊ ဝူယာန်ပြည်သူ့စစ်တပ်စခန်း၊ မြစ်ကြီးနားကြက်ပေါင်ခြံ၊ လယ်ကုန်းပေါ်ဦးကျောင်းတိုက်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာတို့ကနေ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေတာသည့်အပြင် တိုက်ပွဲအတွင်း နှစ်ဖက်စစ်တပ် အပြန်အလှန်ပစ်ခတ်သည့် လက်နက်ကြီးများသည်လည်း ဝိုင်းမော်မြို့နယ်ထဲ ကျမှန်ပေါက်ကွဲတာ ဆက်တိုက် ဖြစ်ပွားနေသည်ဟု မြို့ခံများက ပြောဆိုသည်။

လက်နက်ကြီး ကျမှန်ပေါက်ကွဲမှုကြောင့် မေလ ၂၀ ရက်နေ့က ခတ်ချိုကျေးရွာတွင် အရပ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မေလ ၁၉ ရက်နေ့တွင်လည်း လမြန်ဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျမှန်ပေါက်ကွဲမှုကြောင့် အသက်သေဆုံးမှု ရှိခဲ့သည်။

ယင်းအပြင် မေလ ၂၀ ရက်နေ့ တရက်တည်းမှာပင် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာ၌ တိမ်းရှောင်နေကြသည့် စစ်ရှောင်စခန်းအနီးတဝိုက်သို့ လက်နက်ကြီး ကျမှန်ပေါက်ကွဲခဲ့တာကြောင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်ပြည်သူများပါ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြကြောင်း မြို့ခံများက ဆိုသည်။

ဝိုင်းမော်တွင် ဖြစ်ပွားနေသော တိုက်ပွဲသည် မေလ ၂၁ ရက်နေ့တွင် ၄ ရက်မြောက်အထိ ရှိလာပြီဖြစ်ပြီး စစ်ကောင်စီ၏ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကိုသာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းဖြစ်သည်ဟု ဝိုင်းမော်မြို့ခံများက ပြောသည်။

ရွှေညောင်ပင် စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်နိုင်ပါက တိုက်ပွဲသည် ဝိုင်းမော်မြို့ဘက်ကို ဦးတည်လာနေခြင်းကြောင့် စိုးရိမ်မှုရှိစွာဖြင့် ဝိုင်းမော်မြို့ပေါ်ရှိ ဒေသခံပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

KNG ပေးပို့သည်။