သံတောင် – တောင်ငူလမ်း စစ်ကောင်စီတပ်ဂိတ်တွင် ဂေဘားတပ်မတော်သင်တန်းဆင်းတချို့ကို နေရာချထား

By MPM 21 မေ, 2024 👁

ကရင်အမျိုးသားအစည်းအရုံး- KNU၊ တပ်မဟာ (၂) နယ်မြေ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် သံတောင်-တောင်ငူ လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်တွင် စစ်ကောင်စီကို ကျောထောက်နောက်ခံပြုထားသော ဂေဘားတပ်မတော်မှ သင်တန်းဆင်းလာသူတချို့ကို နေရာချထားကြောင်း KNU သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်ခေါင်းဆောင်တချို့၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကတည်းက တောင်ငူ၊ လိပ်သိုဒေသရှိ ကျေးရွာများတွင် ဂေဘားတပ်မတော် အမည်ခံ၍ ဒေသခံများအား မက်လုံးပေးစည်းရုံး၍ တပ်သား စုဆောင်းခဲ့ပြီးနောက် စစ်သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါအဖွဲ့၏ စစ်သင်တန်းပထမအသုတ်မှ သင်တန်းဆင်းလာသူတချို့ကို စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်သည့်အပြင် သံတောင် – တောင်ငူလမ်း (၇) မိုင်ခွဲရှိ စစ်ကောင်စီတပ်ဂိတ်တွင်လည်း နေရာ ချထားသည်ဟု KNU တပ်မဟာ (၂) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပထမ သင်တန်းပေးတဲ့လူတချို့ကို ရှေ့တန်းပို့လို့ ရောက်တဲ့သူက ရောက်နေကုန်ပြီ။ ၇ မိုင်လမ်းခွဲက စစ်တပ် ဂိတ်မှာလည်း တချို့တွေ ဂိတ်စောင့်နေတယ်လို့ သတင်းရတယ်။ ဟိုတခါ ကျနော်တို့ KNU က စာထုတ်ပြီး ကတည်းက ဦးစီးဦးဆောင်တဲ့ ခေါင်းဆောင်တွေကို KNU နဲ့ လာတွေ့ပါလို့ ပြောထားတာ အခုထိ ရောက်မလာ သေးဘူး။ ရွာတွေမှာတော့ သူတို့ဆက်စည်းရုံးရေးဆင်းတာ မရှိတော့ဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

KNU ၏ စာထုတ်ပြန် သတိပေးမှုပြီးနောက် ယင်းကဲ့သို့တပ်သားစုဆောင်းမှုများ ရပ်တန့်သွားခြင်းဖြစ်ပြီး စစ်ကောင်စီက တာဝန်ချထားပေးခြင်း မရှိသဖြင့် လက်ရှိအချိန်ထိ မိမိတို့နေအိမ်တွင် မိသားစုများနှင့်အတူ ပြန်နေကြသော သင်တန်းဆင်းဒေသခံများလည်း ရှိသည်ဟု လိပ်သိုနယ်ခံများ၏ ပြောပြချက်အရ သိရသည်။

နယ်ခံအမျိုးသမီးတစ်ဦးက “ခေါင်းဆောင်တဲ့သူတွေကတော့ သံတောင် – တောင်ငူ – လိပ်သိုလမ်းက စစ်တပ် ဂိတ်မှာ ပြန်နေတယ်လို့ ကြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရွာတွေဘက်မှာ KNU တွေ ရှိတယ်လေ။ ရှိတဲ့အခါကြတော့ သူတို့က လာလာအခြေအနေကြည့်တာ။ ကျမတို့အောက်ဘက် ရွာကလူတွေကတော့ သင်တန်းဆင်းပြီး သူတို့မိသားစုနဲ့ ပြန်နေကြတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် တပ်မဟာ (၂) KNU ဘက်ကလည်း ရေသိုးကြီး၊ နန်းချိုအထက်ရွာ စသော ကျေးရွာများတွင် ဂေဘား တပ်မတော်တက်ရန် စာရင်းပေးသွင်းခဲ့သူများအား ခံဝန်ကတိလက်မှတ် ရေးထိုး၍ သတိပေးမှုများ ပြုလုပ်ခဲ့ပြီး လူစုဆောင်းရေး ဦးဆောင်ပြုလုပ်သူများ၏ လှုပ်ရှားမှု အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း သိရသည်။

“အဲဒီတုန်းက KNU ဘက်က သင်တန်းပါသွားသူတွေရဲ့ မိသားစုတွေကို ပြောတယ်။ ပြန်မလာရင်တော့ အထုတ်တွေပိုက်ပြီး လိုက်သွား၊ မဟုတ်ရင် ပြန်ခေါ်ဆိုပြီး၊ သင်တန်းတက်ရမှာ နှစ်ပတ်ပဲဆိုပြီး တော်တော်ကြာ သွားတာ။ နောက်မှ ရွာပြန်လွှတ်တယ်။ နောက်တသုတ်ထပ်ခေါ်တော့ လူတွေ မသွားကြတော့ဘူး။ KNU က လူငယ်တွေကို ခံဝန်ထိုးခိုင်းတာလည်း ရှိတာကိုး” ဟု အဆိုပါနယ်ခံအမျိုးသမီးက ဆက်ပြောပါသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လိပ်သိုနယ်တဝိုက် စည်းရုံးရေးလုပ်ဆောင်ရာတွင် သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိသူများကို အသိပေးခြင်း မရှိဘဲ ဂေဘားအမည်ခံကာ စစ်ကောင်စီကို နောက်ကွယ်ထားသော လုပ်ရပ်များသည် မျိုးနွယ်တစ်ခုလုံး၏ ပုံရိပ်ကို ကျဆင်းစေသလို အရှက်ရဖွယ်ရာ ဖြစ်သည်ဟုလည်း ဒေသခံ ရပ်မိရပ်ဖများက ကန့်ကွက်ရှုတ်ချထားသည်။

အလားတူ စစ်မှုထမ်းဥပဒေ အကြောင်းပြ တပ်သားစုဆောင်းမှုနှင့် စစ်သင်တန်းပေးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီသည် လတ်တလောဖြစ်ပွားနေသော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်းရှိ တိုက်ပွဲများ တွင်လည်း မကြာသေးမီက စစ်သင်တန်းဆင်းလာသော တပ်ဖွဲ့ဝင်သစ်များကို အသုံးပြု တိုက်ခိုက်ခိုင်းခြင်း လည်းရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

KIC ပေးပို့သည်။