KNLA ဒုတပ်ရင်းမှူးနှင့်ရဲဘော်နှစ်ဦး လက်နက်ကြီးကျည် မတော်တဆပေါက်ကွဲမှုကြောင့်သေဆုံး

0
45

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်း ၁၀ မှ ဒု-တပ်ရင်းမှူးနှင့်
ရဲဘော်နှစ်ဦးတို့သည် လက်နက်ကြီးကျည် မတော်တဆပေါက်ကွဲမှုကြောင့် ထားဝယ်အရှေ့တောဒေသတွင် သေဆုံးသွားသည်ဟု KNU တပ်မဟာ (၄) ထံမှ သိရသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် ရဲဘော်နှစ်ဦးတို့သည် မတော်တဆပေါက်ကွဲမှုကြောင့် ထားဝယ် အရှေ့တောဒေသတွင် သေဆုံးသွားသည်ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားက ပြောဆိုသည်။

ပူးတွဲတပ်ရင်းမှူး စောမှူးဂေကလည်း “မတော်တဆ ကျည်ပေါက်ထွက်ပြီးတော့ ဗိုလ်မှူးရဲ့ဗိုက်မှာ ထိသွားတာ။ ပွဲချင်းပြီး ဆုံးသွားတယ်” ဟု ပြောပါသည်။

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ရန် လုပ်ဆောင်နေချိန် ကျည်ပေါက်ကွဲပြီး KNLA ဒုတပ်ရင်းမှူးနှင့် ရဲဘော်နှစ်ဦးတို့ မေလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ စစ်ဆင်ရေးများကို ယခုနှစ်ဆန်းပိုင်းမှ စတင်၍ KNLA တပ်မဟာ ၄ တပ်ရင်း ၁၂၊ တပ်မဟာ ၆၊ တပ်ရင်း ၂၇ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအပြင် တပ်မဟာ ၄ တပ်ရင်း ၁၀ လည်း ပူးပေါင်းပါဝင်လျက် ရှိနေသည်။

စစ်ကောင်စီ၏ ကျောက်ထုစခန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် တနင်္သာရီတိုင်း အတွင်း စစ်ကောင်စီတပ်စခန်း ၁၂ ခုထက် မနည်းကို KNLA နှင့် PDF ပူးပေါင်းတပ်များမှ သိမ်းယူနိုင်ခဲ့သည်။

ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် ယခုနှစ်အစပိုင်းမှ စတင်ပြီး စခန်းသိမ်းတိုက်ပွဲများနှင့် စစ်ရေးအရှိန် မြင့်လာခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိနေသည်ဟု ဒေသခံရွာသားများက ပြောဆိုသည်။

မေလ ၈ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပဲဒက် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကနက်သီရိ၊ ရငဲ၊ ကတွဲနှင့် ဂုံညှင်းဆိပ် ကျေးရွာများကို စစ်ကောင်စီတပ်မှ လေယာဥ်များ၊ ရဟတ်ယာဥ်များနှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here