တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ စစ်ကောင်စီ၏ အမှတ် – ၈ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က စကခ- ၈ ဌာနချုပ်အတွင်းရှိ အရာရှိများ စုဝေးရောက်ရှိရာ နေရာနှင့် Mi-2 ရဟတ်ယာဉ် ၂ စီး ရပ်နားထားသည့် နေရာများကို ဒရုန်းဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဟု ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူးကိုရန်နိုင်က စကခ – ၈ ဌာနချုပ် တိုက်ခိုက်မှုတွင် သတ်မှတ်ထားသော ပစ်မှတ်နေရာများ ဗုံးသီးကျရောက်ပေါက်ကွဲမှု ရှိပေမယ့် ထိခိုက်သေဆုံးမှု စုံစမ်းနေဆဲ ဖြစ်သည်ဟု ပြောဆိုသည်။
ထိုသို့ဒရုန်းနှင့် တိုက်ခိုက်ခံရပြီးနောက် စကခ – ၈ ဌာနချုပ်က အနီးပတ်ဝန်းကျင်ကျေးရွာများထဲကို လက်နက်ကြီး ၁၂၀ မမနှင့် ရမ်းသမ်းပစ်ခတ်သည့်အပြင် Mi-2 ရဟတ်ယာဉ်တစ်စီးနှင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ၎င်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း တပ်ခွဲ – ၄ KBDF ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ် – ၁ တပ်ရင်းမှ Sky Ghost Drone Force၊ ထားဝယ်ခရိုင် အမှတ် – ၂ တပ်ရင်းမှ T5 Wings၊ TPLF ဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်း တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့ကလည်း ထားဝယ်အခြေစိုက် စကခ – ၈ ဌာနချုပ်ကို ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
သံလွင်တိုင်းမ် ပေးပို့သည်။