သံတောင်စစ်ရှောင်ကူအဖွဲ့မှ အဖွဲ့ဝင်အမျိုးသမီး ၂ ဦး အပါအဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

0
46
ပုံစာ - သံတောင်ကြီးဒေသမြင်ကွင်း

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အခြေစိုက် စစ်ဘေးရှောင်ထောက်ပံ့ကူညီရေး ဆောင်ရွက်နေသည့် သံတောင်စစ်ရှောင်ကူအဖွဲ့မှ အဖွဲ့ဝင်အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရကြောင်း ထိုအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်အတွင်း၌ အဆိုပါစစ်ရှောင်ကူအဖွဲ့ဝင် ၄ ဦးကို ၎င်းတို့နေအိမ်နှင့် သံတောင်-တောင်ငူ လမ်းပေါ်ရှိ ကျေးရွာတစ်ရွာတွင် ရှိနေစဥ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် ၎င်းတို့အား အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မများတပ်၍ လက်ရှိအချိန်ထိ သံတောင်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးပိုင်းအတွက် အလုပ်လုပ်ပေးတဲ့ အဖွဲ့ဝင်တွေပါ။ အကြမ်းဖက်ဖို့ လှုံ့ဆော်တယ် ဆိုပြီး အမှု ၄ ခု တပ်ခံရတယ် ကြားတယ်။ သံတောင်ကြီးမြို့နယ်မှာ စစ်ဘေးရှောင်အတွက် ကူပေးနေတာ ကျမတို့ တစ်ဖွဲ့တည်းရှိတယ်။ နေရာတစ်ခုကိုကူရင် ငါတို့ဆီရော မရဘူးလားဆိုပြီး ခေါင်းစဥ်အမျိုးမျိုးတပ် အဟန့်တားခံရတာတွေလည်း ရှိတယ်။ အဲဒါကြောင့် အတိုင်ခံရတယ်လို့ထင်တယ်” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

ယခင်ကလည်း စစ်ကောင်စီက ၎င်းတို့စစ်ဘေးရှောင်ကူ အဖွဲ့ဝင်များကို နောက်ကြောင်းလိုက်လံစစ်ဆေးခြင်း၊ အလှူငွေလက်ခံသည့် ဖုန်းနံပါတ်များကို ခြေရာခံ၍ ပိတ်သိမ်းခြင်းနှင့် စစ်ရှောင်ထောက်ပံ့မည့် ပစ္စည်းများလည်း စစ်ဆေးမိစဥ် သိမ်းယူခံရခြင်းတို့ ရှိသည်ဟု အဆိုပါစစ်ရှောင်ကူအဖွဲ့၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် သံတောင်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ယခင်ကထက် ပိုမို အခက်အခဲရှိနေသလို လုံခြုံမှုမရှိသည့်အခြေအနေများ တွေ့ကြုံနေရသည်ဟု စစ်ရှောင်အရေး ထောက်ပံ့ကူညီနေသည့် သတင်းအရင်းအမြစ်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွားလာသော သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုများအတွက် ထောက်ပို့လမ်းကြောင်း ပြတ်တောက်စေရန် ဒေသတွင်း ကုန်စည်စီးဆင်းမှုကို ကန့်သတ်၍ ခရီးသွားလာရာတွင်လည်း စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသော ကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိလာပြီး သွားလာရ မလွယ်ကူကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းကလည်း သံတောင်ကြီး၊ မြသာကုန်းကျေးရွာနှင့်အနီးမှ ဒေသခံအမျိုးသမီး ၃ ဦးအပါအဝင် ၇ ဦးကို တော်လှန်ရေးထောက်ပို့ လုပ်ဆောင်သည်ဟု ပြောဆိုချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။

နိုင်ငံရေးအကျဥ်းသားများ စောင့်ရှောက်ရေးအသင်း – AAPP ၏ မေလ ၁၆ နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ မေလ ၁၆ ရက်နေ့ အထိ မြန်မာနိုင်ငံတဝှမ်းတွင် အာဏာသိမ်းမှုဖြစ်စဥ်နှင့် စပ်လျဥ်း၍ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရသူ စုစုပေါင်း ၂၆,၆၈၈ ဦး ရှိလာပြီ ဖြစ်သည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here