DMO PDF ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၃ နှစ်ပြည့် တော်လှန်ရေးကာလအတွင်း ရဲဘော် ၆၈ ဦးကျဆုံးခဲ့

By MPM 16 မေ, 2024 👁

ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) ဖွဲ့စည်းတည်ထောင်တာ ၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးကာလအတွင်း တပ်ဖွဲ့ဝင်ရဲဘော် ၆၈ ဦး ကျဆုံးခဲ့သည်ဟု DMO PDF ထံက သိရသည်။

ယင်းအပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ရဲဘော် ၄၀ ဦးလည်း ရှိသည်ဟု DMO PDF အတွင်းရေးမှူး (၁) ဒါမိုးက ပြောသည်။

“ထိခိုက်ဒဏ်ရာရတာပေါ့ အများကြီးပါပဲ၊ ၂၀၀ ကျော် ရှိတယ်။ ၂၇၈ ဦး လား မသိဘူး။ အဲ့ဒါ ထိခိုက်ဒဏ်ရာ ရတာပေါ့။ ပြီးတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်က ကျနော်တို့ Local PDF ထဲမှာ ၂၈ ဦး၊ ပြီးတော့ ကျနော်တို့ ပြည်ထောင်စုတပ်ထဲကို ပို့လိုက်တဲ့အထဲမှာ ၁၂ ဦးပေါ့နော။ ကျဆုံးတာသွားတဲ့သူက DMO Local PDF မှာ ၄၈ ဦး ရှိတယ်။ ပြည်ထောင်စုတပ်ထဲက ပို့လိုက်တဲ့ ၃ ရင်းမှာ ၂၀ ကျော် ရှိနေတယ်” ဟု ဒါမိုးက ပြောဆိုသည်။

ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည့် ရဲဘော်များကိုလည်း DMO PDF အနေဖြင့် တတ်နိုင်သလောက် ပံ့ပိုးပေးသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်တွင် DMO Local PDF အဖြစ် တပ်ရင်း (၄) ရင်းရှိပြီး အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) အောက်က ပြည်ထောင်စုတပ်၌ တပ်ရင်း (၃) ရင်း ရှိသည်ဟု ဆိုသည်။

လက်ရှိတပ်ထဲ၌ တာဝန်ထမ်းဆောင်နေသည့် ရဲဘော်ရဲမေ ၉၀၀ ဝန်းကျင် ရှိပြီး ထိုအရေအတွက်တွင် အရန်တပ်သားနှင့် နောက်ခံတပ်သားများ မပါဝင်ကြောင်း DMO PDF အတွင်းရေးမှူး (၁) ဒါမိုးက ပြောပါသည်။

DMO PDF ၏ ၁၅ ရာခိုင်နှုန်းသည် အမျိုးသမီးရဲမေများဖြစ်ပြီး ကျန်းမာရေးကုသမှုပိုင်း၊ ရုံးပိုင်း၊ ထောက်ပို့ စသည့် နေရာများတွင် ပါဝင်နေကြသည်ဟု ၎င်းက ရှင်းပြောသည်။

DMO PDF သည် ကရင်နီပြည်တွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ဆင်ရေးများ၌ ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

ဒါမိုးက “စစ်ရေးအရတော့ ကျနော်တို့ DMO အနေနဲ့ ဒီကရင်နီပြည်မှာရှိနေတဲ့ ဒေသတော်တော်များများပေါ့။ ကျနော်တို့က မယ်စဲ့တိုက်ပွဲကနေ ဒီကနေ တောက်လျောက်ထိ မယ်စဲ့၊ ဖားဆောင်း၊ ဖရူဆို၊ နန်းဖဲ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဆီဆိုင်၊ ရှမ်းတောင် တောင်စလုံး၊ မြောက်စလုံးထိ ကျနော်တို့ စစ်ရေးလှုပ်ရှားတာ ရှိတယ်။ ကျနော်တို့က တပ်ပေါင်းစုထဲမှာ ပါဝင်နေလို့ ဒေသအလိုက် စစ်ရေးဖော်ဆောင်တဲ့နေရာမှာ တပ်ပေါင်းစုနဲ့အညီ လှုပ်ရှားတာရှိတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း DMO PDF ထံ ဝင်ရောက်လာသူ ၁၀၀ ဝန်းကျင် ရှိကြောင်းနှင့် ယင်းတို့ထဲက ၇၀ ဦးခန့်မှာ အခြေခံစစ်သင်တန်းကို တက်ရောက်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ် ၊ မေလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့၌ ၃ နှစ် ပြည့်မြောက်ခဲ့ပါသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။