မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိ ကုလားဂုတ်ကျွန်း၌ ငါးဖမ်းစက်လှေများနှင့် ခရီးသည်တင်လှေများကို စစ်ကောင်စီတပ်က မေလ ၃ ရက်နေ့ နောက်ပိုင်းမှစပြီး မေလ ၁၅ ရက်နေ့အထိ သွားလာခွင့် ကန့်သတ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကုလားကုတ်ကျွန်းမှ အရှေ့ဆိပ်ကမ်းသို့ သွားလာသည့်ခရီးသည်တင်လှေများကို ညဘက်သွားလာခွင့် ပိတ်ထားပြီး ကူးတို့ဆိပ်၊ လမိုင်းမြို့နှင့် ပငဘက်သို့ သွားလာသည့် ခရီးသည်များကိုလည်း အဝင်၊အထွက် မှတ်ပုံတင်စစ်ဆေး လျှက်ရှိကြောင်း ကုလားကုတ်ကျွန်း ဒေသခံတစ်ဦးက ပြောသည်။
“အရှေ့ဆိပ်ဘက်ကမ်းကို သွားလာဖို့ပဲ တင်းကြပ်ထားတယ်။ အဲ့ဘက်သွားလှေဆို သူတို့သင်္ဘောဘက် ဖြတ်ရမှာ အဝင်ရောအထွက်ရော သူတို့ကို ပြောပြရတယ်။ စစ်ဆေးတယ်။ ရန်သူက အဲ့ကနေပဲ ဝင်လာနိုင်တယ်ဆိုတော့ လဆန်း ၄ ရက်နဲ့ လဆုတ် ၄ ရက်တွေဆိုလည်း လှေစောထွက်လို့ မရဘူး” ဟု အဆိုပါဒေသခံက ပြောသည်။
ယင်းအပြင် ညဘက်သွားလာသည့် ငါးဖမ်းစက်လှေများသည် ထိုကျွန်းမှ လှေဖြစ်ကြောင်း အချက်ပြမီး အရောင်တူညီ တပ်ထားရမည်ဖြစ်ပြီး ကုလားကုတ်ကျွန်းအတွင်း အလုပ်သမားသစ်ခန့်အပ်ခြင်းကိုလည်း ပိတ်ပင်ထားကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကုလားကုတ်ကျွန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးနောက် ပင်လယ်ငါးဖမ်းလှေနှင့် ခရီးသည်တင်လှေအားလုံးကို စစ်ကောင်စီတပ်က လှေထွက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
ကုလားကုတ်ကျွန်းဒေသခံက “လှေထွက်ရင် အချက်ပြမီးတွေ တပ်ထားခိုင်းတယ်။ ဒီည ဒီအရောင်ဆို ထွက်မယ့် လှေတွေအားလုံးက အဲ့အရောင် ဖြစ်ရမယ်။ မဟုတ်ရင် သူတို့ပစ်နိုင်တယ်လို့ ပြောထားတယ်။ သူတို့လုံခြုံရေးအရ ညတိုင်း စစ်သင်္ဘောတွေကနေ မီးထိုးတယ်။ အရေးပေါ်အခြေအနေတွေက အုပ်ချုပ်ရေးမှူးထံ သူတို့မေးမြန်းပြီး ပေးသွားတယ်” ဟု ပြောသည်။
ထို့နောက် ဒေသခံများ၏ တောင်းဆိုချက်ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီတပ်က ရွာသားများနှင့် တွေ့ဆုံကာ အရှေ့ဘက်ကမ်းသို့ သွားလာသည့်လှေများကို နေ့ဘက်တွင် သွားလာခွင့်ပြုလာပြီး ငါးဖမ်းလှေများ ကိုလည်း စည်းကမ်းသတ်မှတ်ချက်အချို့ ချမှတ်ကာ ညဘက်တွင် သွားလာခွင့်ပြုလာကြောင်း သိရသည်။
ကုလားဂုတ်ကျွန်းပေါ်ရှိ စစ်ကောင်စီရေတပ်၏ အမြှောက်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များသည် ယခင်က ကုလားဂုတ်ကျွန်းတွင် အလုပ်လာရောက်လုပ်ကိုင်ခဲ့ကြသည့် ရွေ့ပြောင်း အလုပ်သမားများ ဖြစ်သည်ဟု စစ်ကောင်စီရေတပ်မှ ယူဆနေကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ့တို့က ပြောဆိုလျှက် ရှိသည်။
IMNA ပေးပို့သည်။