ကရင်နီပြည် (ကယား) ဖားဆောင်းမြို့တွင်းက စစ်ကောင်စီ၏ကာကင်းစခန်းကုန်းတစ်ခုကို မေလ ၁၃ ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းယူခဲ့သည်ဟု ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ပြောဆိုသည်။
“ကျနော်တို့က ၁၀ နာရီကနေပဲ စပြီးတော့ ဝင်သွားတာပေါ့။ သိပ်တော့မကြာဘူး မိနစ် ၂၀ လောက်ပဲ ရှိတယ်။ စစ်ကောင်စီ ကာကင်းကတော့ သူကတော့ အင်အားက တပ်စိတ်တစ်စိတ်စာလောက်ပဲပေါ့” ဟု ကလလတ ဗျူဟာ (၁) ၊ ၉၄၂၀ တပ်ရင်း ညွှန်ကြားရေးမှူး စောဖိုးဒီးဒီက ပြောပါသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က စခန်းစွန့်ခွာထွက်ပြေး သွားတာကြောင့် ကျည်ဆံတချို့၊ ၁၄ မိုင်း၊ ၁၆ မိုင်း၊ ၁၈ မိုင်း၊ လက်ပစ်ဗုံး၊ G3 ကျည်၊ MA ကျည်ဘောက် စသည့် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ကာကင်းစခန်းကုန်း တိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကြယ်ဖြူ (KNSO) နှင့် ကရင်နီပြည်တပ်မတော် KA နှင့် Drone တပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့စသည့် တော်လှန်ရေး တပ်ဖွဲ့များ ပါဝင်ခဲ့ကြောင်း ကလလတ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဲ့ဒီကာကင်းစခန်းကတော့ ဖားဆောင်းမြို့တွင်း ခလရ (၁၃၅) နယ်မြေအတွင်းမှာ ရှိတာဖြစ်ပါတယ်။ ဖားဆောင်းမှာတော့ ခလရ (၁၃၄) တပ် အပေါ်ဘက်တွေမှာ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေ ရှိသေးတယ်” ဟု ညွှန်ကြားရေးမှူး စောဖိုးဒီးဒီက ဆိုသည်။
ဖားဆောင်းတွင် နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၂ လ ကျော် ရှိနေပြီဖြစ်ပြီး လက်ရှိ၌ စစ်ကောင်စီ၏ ခလရ ၁၃၄၊ ၁၃၅ တပ်ရင်းသာ ကျန်ရှိနေပြီး ထိုတပ်ရင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဘက်က သိမ်းယူနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီး ဘောလခဲမြို့အနီး ပျက်ကျခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။