“စစ်တွေက ထွက်မပြေးဘဲ ကျန်ခဲ့တဲ့သူတွေ ကတော့ များသောအားဖြင့် ပိုက်ဆံ မတတ်နိုင်လို့ပါ။ နေရစ်ခဲ့ရင်း လမ်းပိတ်သွားကြတာ များပါတယ်။ ပိုက်ဆံရှိတဲ့သူတွေက အနည်းအကျဥ်းလောက်ပဲ ကျန်တာပါ။ အခုခေတ် အနေအထားအရ တနေရာနဲ့တနေရာသွားဖို့က လွယ်တာမှမဟုတ်တာ” စစ်တွေမြို့ခံအမျိုးသမီးတစ်ဦး

0
136

စစ်တွေမြို့၏ လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး မြို့ပြင်ကို ထွက်မပြေးနိုင်ဘဲ မြို့ထဲ၌ပိတ်မိကျန်နေခဲ့သည့် စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီ အုပ်ချုပ်မှုအောက်ရှိ ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် တိုက်လေယာဉ်သံများ ရက်ဆက်ကြားနေရ သလို လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများလည်း ဆက်တိုက်ကြားရတယ်လို့ စစ်တွေမြို့ထဲ ပိတ်မိကျန်ရှိနေသူများက ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်က စစ်တွေမြို့ပတ်ပတ်လည်၌ မြေမြှုပ်မိုင်းများ မြှုပ်ထားတာကိုလည်း ကြားနေရသည့်အပြင် မြို့ကနေ ထွက်ခွာလာသောမြို့ခံများကိုလည်း ဖမ်းဆီးတာ ပါလာသည့် ငွေကြေးနှင့် ပစ္စည်းများကို သိမ်းဆည်းတာရှိသည်ဟု စစ်တွေမြိုခံတချို့က ပြောပါသည်။

ထိုအခြေအနေများကြောင့် စစ်တွေမြို့၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မြို့ပြင်ကို ထွက်မပြေးနိုင်ဘဲ မြို့ထဲ၌ ပိတ်မိကျန်နေခဲ့သည့် စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါသည်။

မေး။ ။ လက်ရှိ စစ်တွေမြို့ရဲ့အခြေအနေတွေ ဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ။ စစ်ကောင်စီက တခါတလေ မြို့ထဲဘက်က သေနတ်ဖောက်သံတွေကို ကြားရတယ်။ ပြီးတော့ ဒီရက်ပိုင်းတွေမှာ လေယာဥ်က ည ၁၁ နာရီ ၁၂ နာရီကျော် အထိ ပျံတဲ့အသံကို ကြားရတယ်။ ညအချိန်ဆိုတော့ ဘယ်ကိုသွားတာလည်းတော့ မသိဘူး။ နေ့ဘက်တွေလည်း လေယာဉ်ပျံတယ်။ တခါတလေဆို အနိမ့်တွေ ကလည်း ပျံတယ်။ နေဗီကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွ ပစ်တာတွေရှိတယ်။

ပြီးရင် ဘယ်ဘက်တွေက လက်နက်ကြီး ပစ်မှန်းမသိဘူး၊ လက်နက်ကြီးအသံတွေက မကြာမကြာ ကြားနေ ရတယ်။ ဘယ်ကို ပစ်တာလည်းတော့ သေချာမသိဘူး။ စစ်တွေမြို့ရဲ့ ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ မြှုပ်ထားတယ်လို့လည်း ကြားရပါတယ်။ အဘက်ဘက်က စိုးရိမ်ရတဲ့အပြင် စားဝတ်နေရေးလည်း အခက်အခဲပါပဲ။

မေး။ ။ ဘာကြောင့်စစ်တွေမြို့မှာ အခုလိုပိတ်မိနေတာလဲ။ ရှောင်တိမ်းဖို့ရော အစီအစဉ်ရှိပါလားရှင့်။

ဖြေ။ ။ ကျွန်မတို့လည်း စစ်တွေက တခြားနယ်ဘက်တွေကိုထွက်ဖို့ နှစ်ခါတောင် ကြိုးစားပါသေးတယ်။ ဒါပေမဲ့ လမ်းခရီးက ကလေးတွေနဲ့ သွားရမှာဆိုတော့ အဆင်မပြေဘူး။ စစ်ကောင်စီက လမ်းတွေကို ပိတ်ဆို့ထားတယ်။ အရဲစွန့်ပြီးသွားတဲ့သူတွေကို ပစ်သတ်တယ်။ ဖမ်းတယ်။ ပါလာတဲ့ ငွေကြေးတွေ၊ ပစ္စည်းတွေလည်း အကုန်သိမ်းတယ်ဆိုပြီး ကြားရတယ်။

ပြီးရင် မိုင်းထောင်ထားတာတွေလည်း ရှိတယ်ဆိုတော့ ထွက်မရောက် (မထွက်နိုင်) လိုက်ဘူး။ Òအိမ်မှာနေတော့ အကောင်း၊ ထသွားမှ ပြသနာတက်သွားတယ်Ó ဆိုသလိုမျိုး ဖြစ်မလားဆိုပြီး အဘက်ဘက်ကစဥ်းစားပြီး ထွက်မရောက်(မထွက်နိုင်) လိုက်ဘူးပေါ့။ ကလေးတွေနဲ့ဆိုတော့ အကုန်စဥ်းစားရတယ်။ ထွက်မရောက် (မထွက်နိုင်) လိုက်တာကိုတော့ စိတ်မကောင်းဘူးပေါ့လေ။

ပုံစာ – စစ်တွေမြို့တွင်းတနေရာ။

မေး။ ။ စစ်တွေမြို့မှာ တိုကသံတွေလည်း ကြားရတယ်။ လက်နက်ကြီး ပစ်သံတွေ၊ လက်နက်ငယ်သံ တွေလည်း မကြာခဏကြားရတော့ ဘယ်လောက်အတိုင်းအတာထိ စိုးရိမ်မှုတွေရှိနေပါလဲ။

ဖြေ။ ။ အစစအရာရာ စိုးရိမ်ကြောင့်ကြတာပေါ့။ ဘယ်သူကမှ ကိုယ့်အသက်ကို အသေမခံချင်ဘူး။ သားသမီး အနာဂတ်တွေ ရှိတယ်။ သားသမီးအနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ နေကြတာကိုး။ ထွက်ပြေးလို့လည်း မလွတ်လိုက်ဘူးဆိုတော့ မျှော်လင့်ချက်မဲ့သွားတာပေါ့။ ဗြုန်းစားကြီး ဖြစ်လာရင်တော့ လက်နက်ကြီးနဲ့ ပစ်တာပဲ ဖြစ်ဖြစ်၊ လေယာဥ်နဲ့ ဗုံးချတာပဲဖြစ်ဖြစ် ကြောင့်ကြစိုးရိမ်မှုတွေ ရှိတာပေါ့။ စစ်တွေကတော့ ဘယ်အချိန် ဖြစ်လာမလဲဘဲ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ပူပင်နေတာက အပြည့်ပါပဲ။

မေး။ ။ စစ်တွေမှာ လက်ရှိကုန်ဈေးနှုန်း အခြေအနေတွေရော ဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ။ ကုန်ဈေးနှုန်း အခြေအနေတွေက ကြက်ဥတလုံးကို ၁၂၀၀ ကျပ် ရှိတယ်။ ငါးဟင်းတွေလည်း မစားရဘူး။ တခါတလေဆို ငါးဟင်းတွေ အိတ်စွက်ပြီး သင်္ဘောနဲ့ဝင်တာတော့ ရှိတယ်။ အမြဲတမ်းတော့ ငါးခြောက်နဲ့ ကြက်ဥကို တလှည့်စီ နှစ်ပါးသွားရတာပေါ့။ ဝက်သား တစ်ပိသာ ၆၀,၀၀၀ ကျပ်။ ကကတစ်ကောင် ၄ သောင်း၊ ၅ သောင်းကျပ်။ ဒီလိုဈေးကြီးနေတာ အလုပ်အကိုင်တွေ အဆင်ပြေတာလည်း မဟုတ်ဘူး။ ဟင်းသီးဟင်းရွက် တွေလည်း စွန့်စားပြီး ယူရောင်းနေကြလို့ စားရတာ။ အကုန်ဈေးကြီးတယ်။ တန်တာဆိုလို့ ကြက်သွန်ရယ်၊ စားဆီလောက်ပဲ ရှိတယ်။ ဒီဒဏ်တွေကို တာရှည် ဘယ်သူကခံစားနိုင်မလဲ။ လက်လုပ်လက်စားတွေဆိုရင် ငတ်နေတဲ့သူတွေတောင် ရှိတယ်။

မေး။ ။ အစ်မတို့အပါအဝင် စစ်တွေကလူတွေရော စားဝတ်နေရေးတွေကို ဘယ်လိုဖြေရှင်းနေကြပါလဲ။

ဖြေ။ ။ စား၀တ်နေရေးက အခုထိလည်း ဈေးဖွင့်တော့ ဈေးရောင်းသူတွေက ဈေးရောင်းကြတယ်။ နွေရာသီဆို အအေးရောင်း၊ ကုန်စုံတွေလည်း ရောင်းကြတဲ့သူတွေရှိတယ်။ တနိုင်တပိုင် တတ်နိုင်သလောက် လုပ်စားကြ တာပေါ့။ ရှိတာတွေလည်း ထုခွဲရောင်းစားကြတယ်။ တချို့တွေဆို ထွက်ပြေးသွားတဲ့အိမ်တွေမှာ အိမ်ပိုင်ရှင်တွေ မရှိတော့ အိမ်တွေကို ဖြိုဖျက်ပြီး ရောင်းစားကြတယ်။ ထင်းအဖြစ် သုံးကြတယ်။ အဲ့ဒီထင်းတွေ ရောင်းတာတွေ လည်း တွေ့ရတယ်။

ကြုံရာကျပန်း လက်လုပ်လက်စားတွေကတော့ ငတ်နေကြပြီ။ အခုဆိုရင် အဲ့ဒီလူတွေကို ပိုက်ဆံတတ်နိုင်တဲ့ သူတွေစုပြီး ထမင်းချက်ပြီးတော့ လှူဒါန်းနေတာတွေ တွေ့ရတယ်။ နာမည်စာရင်း ပေးထားပြီးတော့ လက်မှတ်တွေနဲ့ ထုတ်ယူရတယ်။ စစ်တွေက ထွက်မပြေးဘဲ ကျန်ခဲ့တဲ့သူတွေကတော့ များသောအားဖြင့် ပိုက်ဆံမတတ်နိုင်လို့ပါ။ နေရစ်ခဲ့ရင်း လမ်းပိတ်သွားကြတာများပါတယ်။ ပိုက်ဆံရှိတဲ့သူတွေက အနည်းအကျဥ်း လောက်ပဲ ကျန်တာပါ။ အခုခေတ်အနေအထားအရ တနေရာနဲ့တနေရာသွားဖို့က လွယ်တာမှ မဟုတ်တာ။ ပြီးတော့ နယ်ဘက်ကိုရောက်ရင် စားသောက်ဖို့က လိုသေးတယ်လေ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here