စစ်ကောင်စီက မောင်တောမြို့ မြန်မာစီးပွားရေးဘဏ်မှ ငွေများအားလုံး စစ်ရေယာဥ်ဖြင့် စစ်တွေသို့ယူဆောင်

By MPM 11 မေ, 2024 👁

အာရက္ခတပ်တော် (AA) က မောင်တောမြို့အနီးထိ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် စစ်ကောင်စီက မြန်မာစီးပွားရေးဘဏ်မှ ငွေများကို ကမ်းထိုးဇက်စစ်ရေယာဥ်ဖြင့် စစ်တွေသို့ ယူဆောင်သွားကြောင်း ဘဏ်မိသားစုအသိုင်းအဝန်းမှတဆင့် သိရသည်။

“ဘဏ်ကငွေတွေကို အရင်က လေးမိုင် နခခ (၂) က ဘဏ္ဍာတိုက်မှာ ထားခဲ့တယ်။ နခခ (၂) ကို ဒရုန်းနဲ့ အတိုက်ခံလာရတော့ မောင်တောမြို့အဝင် နခခ (၅) ကို ပြောင်းထားတာ။ နခခ (၅) လည်း စစ်ရေး အခြေအနေမလှတော့ မေလ ၆ ရက်က ကညင်ချောင်းဆိပ်ကမ်းကနေ ကမ်းထိုးရေယာဥ်နဲ့ အထက်အမိန့်အရ ရေယာဉ်ပေါ် တင်ပေးလိုက်ရတယ်” ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

မေလ ၇ ရက်တွင်လည်း စစ်တွေသို့ တပ်ရင်းတပ်ဖွဲ့ မိသားစုဝင်များနှင့်အတူ ဘဏ်ဝန်ထမ်းများလည်း ကမ်းထိုးစစ်ရေယာဥ်နှင့် လိုက်ပါသွားကြသည်ဟု အဆိုပါဘဏ်ဝန်ထမ်းက ဆက်ပြောသည်။

မြန်မာစီးပွားရေးဘဏ်မှ ယူဆောင်သွားသော ဘဏ္ဍာငွေပမာဏမှာ ကျပ် ၁,၄၆၂,၄၇၇,၀၀၀ ရှိသည်ဟု အမည်မဖော်လို ဘဏ်ဝန်ထမ်းတစ်ဦးက အတည်ပြုပြောဆိုသည်။

မြန်မာစီးပွားရေးဘဏ်မှ ငွေများကို စစ်တွေသို့ ရွေ့ပြောင်းလိုက်ပြီး ဘဏ်များကိုလည်း ပိတ်ထားသဖြင့် ဘဏ်၌ ငွေအပ်နှံစုဆောင်းသူများအနေဖြင့် စစ်ရေးကာလ၌ ငွေထုတ်မရ၍ အခက်အခဲများ ကြုံကြရသည်ဟု ပြောဆိုကြသည်။

ဒေသခံကျောင်းဆရာမတစ်ဦးက “ကမ္ဘောဇမှာ အပ်ထားတဲ့ငွေတွေကလည်း ဘဏ်မဖွင့်တော့ ထုတ်မရဘူး။ Kpay က ထုတ်ရင်လည်း ၁၂ ရာခိုင်နှုန်းအထိ ကော်မရှင်ခ ပေးနေရတယ်။ အခု မြန်မာစီးပွါးရေးဘဏ်မှာ အပ်ထားတဲ့ ငွေတွေလည်း ထုတ်မရတော့ဘူး။ ဘဏ်လည်း ပိတ်ထားတယ်။ အခုလို စစ်ဖြစ်နေတဲ့ အချိန်မှာ အရေးပေါ်သုံးစွဲဖို့ စုထားတဲ့ငွေတွေ ထုတ်မရတော့ အတော်လေး ဒုက္ခတွေ့ရတယ်” ဟု ပြောဆိုသည်။

ထိုသို့ မောင်တောမြို့ မြန်မာစီးပွားရေးဘဏ်အား စစ်ရေးအရ ရပ်ဆိုင်းလိုက်သဖြင့် မောင်တောဒေသမှ ဝန်ထမ်းများ စားဝတ်နေရေး အခက်အခဲများစွာ ဖြစ်လာနိုင်ပြီး ဝန်ထမ်းများအားလုံး နေရပ်စွန့်ခွာ သွားနိုင်ကြောင်း မြို့ခံများက သုံးသပ်ပြောကြသည်။

နိရဉ္စရာ ပေးပို့သည်။