AA အုပ်ချုပ်မှုအောက် ရခိုင်နှင့်မွတ်ဆလင်အသိုင်းအဝိုင်းနှစ်ခု သဟဇာတဖြစ်မှုနှင့်အတူ ယှဉ်တွဲနေထိုင်မှု ပိုတိုးတက်ကောင်းမွန်ဟုဆို

0
35

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/ AA) အုပ်ချုပ်မှုအောက်ရှိ ရခိုင်ပြည်က မြို့နယ်များတွင် ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းနှစ်ခုအကြား သဟဇာတဖြစ်မှု၊ ချစ်ကြည်ရင်းနှီးမှုများနှင့်အတူ အပြန်အလှန်ဆက်ဆံမှုသည် ယခင်ကထက် ပိုတိုးတက်ကောင်းမွန်လာသည်ဟု နှစ်ဖက်အသိုင်းအဝိုင်းက ပြောဆိုသည်။

လက်ရှိ၌ အာရက္ခတပ်တော် (AA) က ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံ စသည့်မြို့များကို သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း မွတ်ဆလင် ဒေသခံများ အနေနှင့် အဆိုပါမြို့များတွင် လွတ်လပ်စွာ သွားလာခွင့်ရရှိနေကြပြီး ရခိုင်များနည်းတူ စီးပွားရေးလုပ်ပိုင်ခွင့် အခွင့်အရေးများ ရရှိနေပြီဖြစ်သည်ဟု မွတ်ဆလင်ဒေသခံတစ်ဦးက ပြောသည်။

“AA က ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ကျွန်တော်တို့မွတ်ဆလင်တွေ လွတ်လွတ်လပ်လပ် သွားလာလို့ ရနေပါတယ်။ ဘယ်နေရာဖြစ်ဖြစ် အချိန်မရွေး ဝင်ထွက်သွားလာလို့ ရနေတယ်။ စစ်တပ် (စစ်ကောင်စီတပ်) က အုပ်ချုပ်တဲ့ အချိန်ကဆို မြို့ထဲတောင် ဝင်ခွင့်မရခဲ့ပါဘူး။ ဆေးခန်းပြလို့တောင် မရတဲ့ အခြေအနေတွေ ရှိခဲ့တယ်။ အခုက အရင်ကနဲ့မတူဘူး။ ကဏ္ဍပေါင်းစုံကနေ အဆင်ပြေနေတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခင် စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိခဲ့စဉ်က ရခိုင်မြို့နယ်အများအပြားမှ မွတ်ဆလင်များအနေနှင့် လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရရှိခဲ့သလို လွတ်လပ်စွာ စီးပွားလုပ်ကိုင် ရှာဖွေခွင့်လည်း မရရှိခဲ့ ကြောင်းနှင့် အလားတူ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု အပိုင်းတွင်လည်း ခွဲခြားဆက်ဆံ ခံရမှုတွေ ရှိခဲ့သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောပါသည်။

လက်ရှိကာလ AA အုပ်ချုပ်မှုအောက်ရှိ မြို့နယ်များမှ မွတ်ဆလင်များအနေနှင့် အများပြည်သူများ စုဝေး နေထိုင်ရာ လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင်များ၊ ဈေးများတွင် တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ အပူအပင်ကင်းမဲ့စွာ သွားလာနေထိုင်နေကြပြီး ဈေးဝယ်စျေးရောင်း၊ ငွေလွှဲငွေထုတ် လုပ်ငန်းများကိုပါ ရခိုင်နှင့် မွတ်ဆလင်များအကြား အကျိုးတူပူးပေါင်း လုပ်ဆောင်နေသည်ဟု ထိုဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here