ပျက်ကျသွားသည့် စစ်ရဟတ်ယာဥ်ကို စစ်ကောင်စီက သက်သေဖျောက်ရန် မီးရှို့ဖျက်ဆီးခဲ့ဟုဆို

0
69
ပုံစာ - ပျက်ကျပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ရဟတ်ယာဉ်။ (Photo – KPLA)

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် မေလ ၆ ရက်နေ့က ဘောလခဲမြို့အနီး ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဥ်ကို စစ်ကောင်စီဘက်က သက်သေများဖျောက်ဖျက်ရန် မီးရှို့ဖျက်ဆီးခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဘက်က မှတ်တမ်းတချို့ ရရှိထားကြောင်း ကရင်နီပြည်တပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုသည်။

ဗိုလ်မှူးကြီးဘုန်းနိုင်က “လေယာဥ်က နှစ်စင်းလာပါတယ်။ ပထမလာတဲ့တစ်စီးက ၁၃၄ မှာ ဆင်းပါတယ်။ အဲဒီမှာဆင်းတော့ ကျနော်တို့တပ်ပေါင်းစုက ပစ်တော့ ထိသွားတယ်။ ထိသွားတော့ ပြန်လှည့်တယ်ပေါ့။ နောက်တစ်စီးလည်း ပြန်လှည့်သွားတယ်။ အတူတူပဲ။ ဘောလခဲ မရောက်ခင် ၃ မိုင် ၄ မိုင် ပွန်ချောင်းဘေးမှာ ကျတာပေါ့” ဟု ဆိုသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးဘုန်းနိုင်က “နောက်တစ်စီးက ပျက်ကျတဲ့နေရာနားမှာ လာပြီးတော့မှ စစ်တပ်တွေနဲ့ သူတို့ လုံခြုံရေးယူတယ်။ ယူပြီးတော့မှ ပျက်ကျတဲ့ လေယာဥ်ထဲမှာကျန်တဲ့ ပါတဲ့လူနာနဲ့ သေတဲ့လူအလောင်းနဲ့ ဒီလူနာတွေကို အဲဒီဟတ်စကီးနဲ့ တင်ပြီးတော့မှ ဘောလခဲဗျူဟာကို ပြန်ပို့ပေးတယ်လေ။ နောက်ပြီးတော့မှ ပြန်ပို့ပြီးတော့မှ နောက်လာတဲ့တစ်စီးက စစ်သည်တွေကို ပြန်လာသယ်တယ်၊ ဘောလခဲကို အဲဒီလိုမျိုးပါပဲ။ နောက်ပြီးတော့မှ အဲဒီ ၆ ရက်နေ့ ညမှာပဲ လေယာဥ်ရဲ့ အစအနကို ဖြုတ်တယ်ပေါ့။ အဲဒီအစအနတွေကို အကုန်လုံးသယ်ပြီးတော့မှ သူတို့လေယာဥ်ကို မီးနဲ့ရှို့လိုက်တယ်” ဟု ပြောဆိုသည်။

ပျက်ကျသွားသည် ရဟတ်ယာဥ်သည် စစ်ကောင်စီပိုင် MI-17 တိုက်ခိုက်ရေး ရဟတ်ယာဥ်အမျိုးအစား ဖြစ်တယ်ကြောင်းနှင့် တိုက်ပွဲပြင်းထန်နေသည့် ဖားဆောင်းမြို့ကို လာရောက်စဥ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ရဟတ်ယာဉ်မောင်း အပါအဝင် တပ်သား ၈ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်နီပြည်တပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူကြီးဘုန်းနိုင်က ဆက်ပြောသည်။

“ပျက်ကျတဲ့ အထဲမှာက အဲဒီလေယာဥ်ပျံထဲမှာပါတဲ့ လူက ၁၁ ယောက် ပါတယ်။ ၁၁ ယောက်ပါတဲ့ အထဲမှာ ၈ ယောက် သေတယ်ဆိုတော့ ၃ ယောက်ပဲ ကျန်တယ်ပေါ့။ သုံးယောက်ပဲ ဒဏ်ရာတွေနဲ့ပေါ့နော” ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

လေယာဉ်ပျက်ကျသည့် နေရာဟာ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်ကြား ချိကွဲ့ -နန့်နောက် အနီးတွင်ဖြစ်ပြီး လေယာဉ်အပျက်အစီးများကို စစ်ကောင်စီက ဖျက်ဆီးသယ်ဆောင်သွားသည်ဟု ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA) က မေလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အလားတူ လေယာဉ်ပစ်ခတ်ခံရပြီး ပျက်ကျသွားသည့် လေယာဉ်အပိုင်းအစများကို ဒရုန်းနှင့် ရိုက်ကူးထားသော ရုပ်သံဖိုင်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါသည်။

စစ်ကောင်စီ၏ စစ်ရဟတ်ယာဥ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့သည့် နေရာအနီးတဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောဆိုသည်။

“မနေ့ (မေလ ၆ ရက်) က ရဟတ်ယာဥ် ပျက်ကျတဲ့ နေရာတဝိုက်နားအထိ တိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။ မနေ့က ညနေအထိပေါ့နော” ဟု ၎င်းက ဆိုသည်။

အလားတူ မေလ ၆ ရက်နေ့ တစ်ရက်တည်းမှာပင် ထူးချောင်းကနေ ဘောလခဲမြို့နယ်ဘက်ကို ပြန်လာသည့် စစ်ကောင်စီ၏ ကားတစ်စီးသည်လည်း တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသော မိုင်းနင်းမိပြီး ကားထိခိုက် ပျက်စီးခဲ့သလို သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူလည်း ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ဖားဆောင်းမြို့၌ ကျန်ရှိနေသေးသည့် စစ်ကောင်စီ ခလရ ၁၃၄ နှင့် ၁၃၅ တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၂ လကျော် ရှိလာပြီဖြစ်ပြီး တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here