ဘုတ်ပြင်း – တနင်္သာရီလမ်းပိုင်း ပြန်မဖွင့်သေးလို့ ဒေသခံများ သွားလာရေးအခက်ကြုံနေကြရ

0
62
Photo - CJ

တနင်္သာရီတိုင်းရှိ ဘုတ်ပြင်း-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို နှစ်ဖက်တပ်အကြား တိုက်ပွဲကြောင့် ၁၀ ရက် နီးပါးကြာ ဖြတ်သန်းသွားခွင့် ကန့်သတ်ထားတာကြောင့် ကုန်ပစ္စည်းတင်ပို့မှုအပါအဝင် သွားရေးလာရေးမှာပါ အခက်အခဲ ဖြစ်လာသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့ ကစပြီး ဘုတ်ပြင်းနှင့် တနင်္သာရီ နယ်စပ်ရှိ စစ်ကောင်စီ၏ ၁၀၂၀ ပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာက မေ ၇ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲကြောင့် ကုန်တင်ကားများ တနင်္သာရီမြို့နယ်အတွင်း ပိတ်မိနေပြီး ဒေသခံပြည်သူများလည်း လမ်းပန်းဆက်သွယ်ရေးအတွက် ရေလမ်းကို အဓိက အသုံးပြုနေရသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် ကော့သောင်း၊ ဘုတ်ပြင်း ကတဆင့် မြိတ်မြို့သို့ သွားရောက်မည့် ကုန်ကားတချို့လည်း ပြည်ကြီးမဏ္ဍိုင် မြို့အနီး ပိတ်မိနေပြီး ရှေ့ဆက်သွားမရတာကြောင့် ရောက်ရာနေရာမှာပင် စခန်းချ ရပ်နားနေကြကြောင်း ကုန်တင်ယာဉ်မောင်းများထံက သိရသည်။

ဘုတ်ပြင်း – တနင်္သာရီလမ်းပိုင်း တိုက်ပွဲကြောင့် ဒေသခံပြည်သူများ မြိတ်မြို့သို့ သွားရောက်ရန်အတွက် စက်လှေခအဖြစ် တစ်ဦးလျှင် ကျပ် ၃ သောင်းနှုန်း ပေးဆောင်ရသည်ဟု ဘုတ်ပြင်းဒေသခံများက ပြောဆိုသည်။

အလားတူ မြိတ် – ထားဝယ် ပြည်ထောင်စုလမ်းပိုင်းရှိရာ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့်အတွက် ဖြတ်သန်း သွားခွင့်ကန့်သတ်ထားသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဧပြီလကစပြီး ဘုတ်ပြင်း၊ တနင်္သာရီ၊ ပုလော၊ သရက်ချောင်းနှင့် ထားဝယ် မြို့နယ်တို့တွင် နှစ်ဖက်တပ်အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီဘက်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုကို ပိုမိုပြုလုပ်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here