တနင်္သာရီတိုင်း၊ တနင်္သာမြို့နယ် သိန္ဓောကျေးရွာအုပ်စုတွင် ဖြစ်ပွားနေသော နှစ်ဖက်တပ်အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်သည် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်ရှိနေသည်ဟု နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ထံက သိရသည်။
သိန္ဓောကျေးရွာအုပ်စုတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများသည် ဧပြီ ၂၃ ရက်နေ့ကစ၍ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ နေရာများကို ထွက်ပြေး တိမ်းရှောင်နေကြရသည်။
သိန္ဓောကျေးရွာအုပ်စုရှိ သိန္ဓော၊ ရေပူ၊ သူဌေးအရှေ့၊ သူဌေးအနောက်၊ မိုင်းသတ္တု၊ ဘန်းပြည့်အရှေ့နှင့် ဘန်းပြည့် အနောက်စသော ကျေးရွာ ၇ ရွာက ဒေသခံပြည်သူလူထု ၆၂၀၀ ကျော်သည် ယနေ့အထိ စစ်ဘေးရှောင်နေကြရပြီး နေရပ်မပြန်နိုင်သေးကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့က ပြောဆိုသည်။
လက်ရှိတွင်လည်း စစ်ဘေးရှောင်များကို တစ်ခါကူညီရင် ၅ ရက်စာသာ ရိက္ခာထောက်ပံပေးနိုင်ပြီး အပြည့်အဝ ကူညီချင်ပေမယ့် စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိတာကြောင့် ရိက္ခာဖူလုံမှုမရှိကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“ဘတ်ဂျက်က တအားကြီး မရှိဘူးကွယ်။ လာပြီးတော့မှ ထောက်ပံ့ပေးတဲ့သူက နည်း၊ အလှူရှင်တွေလည်း မရှိသလောက်ဘဲ၊ တစ်ယောက်မှ မရှိသေးဘူး။ ပေ့ချ်မှာတင်ထားလည်း ၄ သိန်းပဲ ရသေးတယ်။ ဆန်တစ်အိတ်ကို ကျပ် ၁၁၅,၀၀၀ ဖြစ်သွားပြီလေ။ ထပ်ပြီး ပံ့ပိုးချင်တယ်။ ဒါပေမယ့် အလှူရှင်က မရှိတော့ အရှေ့ကို ရောက်နေပေမယ့် အနောက်က ပံ့ပိုးပေးမယ့်သူ မရှိဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော် ရှိလာပေမယ့် မြေပြင်အခက်အခဲနှင့် တိုက်ပွဲများကြောင့် နွေဦးမေတ္တာအဖွဲ့က လက်လှမ်းမီသမျှ သွားရောက်ကူညီနိုင်သည့် စစ်ဘေးရှောင်ဦးရေမှာ ၁၂၀၀ ကျော်သာ ရှိသည်ဟု အဆိုပါတာဝန်ရှိသူက ပြောပါသည်။
ယင်းအပြင် ကူညီထောက်ပံရေး လုပ်ဆောင်ရာ၌ စစ်ကောင်စီ၏ လေကြောင်းရန်နှင့် မြေမြှုပ်မိုင်းအန္တရာယ် များကိုလည်း ရင်ဆိုင်နေရသည်ဟု နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူက အခုလို ပြောပြသည်။
“အခက်အခဲက အများကြီးရှိတာပေါ့။ ကောင်းကင်အနေအထားလဲ ကြည့်ရသေးတယ်။ ကိုယ်ကလည်း သံမဏိစက်ရုပ်မှ မဟုတ်တာ။ ဒါပေမယ့်လေ အဲဒီလိုမျိုး အနေအထားမှာ ကိုယ်ဟာနဲ့ကိုယ်တောင် စိတ်မပူအားဘူး။ သူတို့ကိုပဲ ပိုပြီးတော့ ပူနေရတယ်။ လမ်းမှာပဲ အဲဒီစကစနဲ့ တိုးမလား၊ မိုင်းပဲနင်းမိမလား အဲဒီလိုမျိုးတွေတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီက တနင်္သာရီမြို့နယ်ရှိ ကျေးရွာများသို့ ရိက္ခာသယ်ယူခွင့်နှင့် ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်များအတွက် ဆီချိုဆေးကျနှင့် သွေးတိုးကျဆေးများ လိုအပ်နေသည့်အပြင် လမ်းခရီးတွင်လည်း စစ်ကောင်စီဘက်က စစ်ဆေးမှု တင်းကြပ်ထားတယ်သည်ဟု ၎င်းက ပြောဆိုသည်။
သိန္ဓောကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က စပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်တာ၊ နေအိမ်ပျက်ဆီးမှုများလည်း ရှိနေပေမယ့် အရေအတွက် အတိအကျကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မတ်လက ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၅၄,၀၀၀ ကျော် အထိ တိုးလာသည်ဟု ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi က ဧပြီ ၁၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။