ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ၁၃ မိုင်တွင် မေလ ၁ ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တောင်ငူ – သံတောင်လမ်းပိုင်း ၇ မိုင် အကျော်တွင် ဒေသခံအချို့ စစ်ကောင်စီတပ်၏ စစ်ဆေးဖမ်းဆီးခြင်း ခံခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားစဥ် စစ်ကောင်စီတပ်က မသင်္ကာသဖြင့် စစ်ဆေးဖမ်းဆီးခံရသော ဒေသခံဦးရေ ၂၀ ဦးထက်မနည်းရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေသခံအချို့လည်း ကျန်ရှိနေသည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“၁၃ မိုင်မှာ ပြန်ထိုင်ထားတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တယ်။ အဲ့ဒါနဲ့ စစ်တပ်က သံတောင် – တောင်ငူလမ်းက တွေ့တဲ့သူတွေကို တားပြီးစစ်တာ တချို့လည်း ပြန်မလွတ်သေးဘူး။ ဘယ်နှယောက်လဲဆိုတာနဲ့ ခရီးသွားရင်းနဲ့ ဖမ်းခေါ်တာလားဆိုတာတော့ မသိရသေးဘူး။ ၇ မိုင်၊ ၃ မိုင် မတိုင်ခင်မှာ လမ်းပိတ်လိုက်တော့ ကားတွေလည်း တက်မရ ဖြစ်ကုန်တယ်” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။
ထို့သို့ စစ်ကောင်စီက စစ်ဆေးမေးမြန်းစဥ် အရပ်သားများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ်ခဲ့သလို ပတ်ဝန်းကျင်သို့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်းလည်းရှိခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။
ဧပြီလ ၂၅ ရက်နေ့က ပျားစခန်းကျေးရွာအကျော် ၁၁ မိုင်ကုန်းရှိ သံတောင် – တောင်ငူ ကားလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးတဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းများက ညစဥ် လက်နက်ကြီးနှင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက “ဂိတ်ကတော့ အဲဒီနေ့ညနေ ၆ နာရီ ၇ နာရီလောက်က ပြန်ဖွင့်ပါတယ်။ စစ်တပ်က သူတို့ကားမှောက်တာရော၊ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်လို့ရော ဂိတ်တွေကို ပိတ်လိုက်တာ။ လူတွေ အဖမ်းခံရတဲ့ကိစ္စ ကျနော်လည်း ကြားပေမယ့် အသေးစိတ်တော့ မသိရဘူးဗျ” ဟု ပြောသည်။
ဧပြီလ ၂၅ ရက်နေ့က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရစဥ် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ဆီးခုံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရှိရသော်လည်း ၎င်းတို့ဖမ်းဆီးထားသည့် အရပ်သားဦးရေ အတိအကျနှင့် နောက်ဆက်တွဲ အခြေအနေကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။
KIC ပေးပို့သည်။