ကောလင်းမြို့ကို မဟာဗျူဟာတခုလုံးချိတ်ဆက်ပြီး ပုံဖော်တိုက်ပွဲဝင်နေဟု NUG ပြောဆို

0
127
Photo – Kawlin PDF

အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပြန်လည်လက်လွတ်ခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် တိုက်ပွဲမှာ မပြီးဆုံးသေးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်က ပြောဆိုလိုက်သည်။

ဦးနိုင်ထူးအောင်က “ကောလင်းမြို့ရဲ့ ပတ်လည်နေရာတွေမှာလည်း ကျနော်တို့ရဲ့တပ်ဖွဲ့တွေ ရှိနေဆဲ ဖြစ်သလို ကောလင်းတိုက်ပွဲရလဒ် ပြောဖို့ဆိုတာက တိုက်ပွဲမပြီးသေးတဲ့ အတွက်ကြောင့်မို့လို့ တိုက်ပွဲဖြစ်နေတဲ့ အနေအထားလို့ပဲ ပြောလို့ရပါတယ်။ ကျနော်တို့ဘက်ကလည်း မဟာဗျူဟာတခုလုံးနဲ့ ချိတ်ဆက်ပြီးတော့ ကောလင်းတိုက်ပွဲကို ပုံဖော်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ အနေအထားမျိုးပါ” ဟု ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် NUG ၏ ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်က ပြန်လည်ဖြေဆိုခြင်းဖြစ်သည်။

လက်ရှိ၌ ကောလင်းမြို့အတွင်းတွင် စစ်ကောင်စီတပ်များရှိနေပြီး မြို့ပတ်လည် NUG ၏ တပ်ဖွဲ့များရှိနေကာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

ဧပြီလ ၂၁ ရက်နေ့က ကောလင်းမြို့နယ် တံစူးကုန်းရွာ အနောက်မြောက်ဘက်တွင် စစ်ကောင်စီ၏ စစ်ကြောင်းနှင့် ကောလင်းခရိုင် တပ်ရင်း-၁ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီစစ်သား အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိကြောင်း ကောလင်း အမှတ် ၁ စစ်ဒေသက ကြေညာထားသည်။

“တိုက်ပွဲကတော့ ဖြစ်နေတယ်။ သူတို့ကိုမေးလည်း ဘယ်နားဆိုတာ တိတိကျကျ မပြောဘူး။ ကောလင်းနယ် ထဲလို့ပဲပြောခဲ့တာ။ လမ်းတွေကတော့ လူစီးကားတွေ လွှတ်ပေးတယ်။ ကုန်ကားတွေတော့ ပိတ်နေတုန်း” ဟု မန္တလေး – မြစ်ကြီးနား ခရီးသည်တင်ကားမောင်းသူတစ်ဦးက ပြောဆိုသည်။

ကောလင်းမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၃ လ နီးပါးအကြာတွင် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ရယူခဲ့ခြင်း ဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here