ပွင့်ဖြူဒေသခံ ၆ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးထား

By MPM 27 ဧပြီ, 2024 👁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် လယ်မကျေးရွာက ဒေသခံရွာသား ၆ ဦး ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က ၄ ဦး နှင့် ၂၆ ရက်နေ့တွင် ၂ ဦး စုစုပေါင်း ဒေသခံရွာသား ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက ဖမ်းဆီးခံရသူများသည် NLD ပါတီ ထောက်ခံသူများဖြစ်ပြီး ၎င်းတို့က စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပိုက်ဆံပေး၍ ရွာ၌ ပြန်နေကြသူများ ဖြစ်သည်ဟု ပြောပါသည်။

“အများစုက NLD ထောက်ခံသူတွေဆိုရင် မမှားဘူး။ သူတို့က ရွာမှာပြန်နေချင်လို့ ပိုက်ဆံပေးပြီး နေနေကြရ သူတွေပါတယ်။ ရွာမှာနေတာလဲကြာပြီ။ အဲဒါကို စစ်တပ်ကဖမ်းပြီး နှိပ်စက်နေတာပါ” ဟု အဆိုပါဒေသခံက ပြောသည်။

ဖမ်းဆီးထားသော ဒေသခံများကို စစ်ကောင်စီတပ်က ရိုက်နှက်နှိပ်စက်တာတွေရှိနေပြီး လက်ရှိအချိန်၌ ၎င်းတို့ကို မဲဇနီနယ်မြေရဲစခန်းတွင် စစ်ဆေးနေတယ်လို့ ၎င်းက ဆက်ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ ညပိုင်းကလည်း လယ်မကျေးရွာနေ ဦးဌေးမင်းဆိုသူကို လက်နက်ကိုင်များက နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ် သွားပြီးနောက် အဆိုပါဒေသခံ ၆ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရသည်။

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၃၀,၀၀၀ နီးပါး အထိရှိနေပြီ ဖြစ်ကြောင်းနှင့် ယင်းတို့ထဲမှ NLD ပါတီနှင့် ပတ်သက်သူ တစ်သောင်းကျော်အထိ ရှိနေသည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။