နေအိမ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် စိုင်းအုန်းလွင်၏ အစ်ကိုတော်စပ်သူ ကိုဝင်းမောင်သည် ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟုမ္မလင်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။
စိုင်းအုန်းလွင်က “မနက်ခင်း ၇ နာရီလောက်ကို ကျွန်တော်အစ်ကိုက အိမ်သွားကြည့်အုံးမယ် ဆိုပြီးတော့သွားတာ သူတို့ထောင်ထားတဲ့ မိုင်းနဲ့ထိတာပေါ့။ ထောင်ထားတဲ့မိုင်းကြောင့် ခြေထောက်တွေဘာတွေ ကျိုးသွားတာပေါ့။ သူတစ်ယောက်တည်းပဲထိတာ” ဟု ဆိုသည်။
ဒေသတွင်းလှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်များက စိုင်းအုန်းလွင်၏ နေအိမ်ကို ဧပြီလ ၁၆ ရက်နေ့တွင် ဝင်ရောက် ရှာဖွေမှုပြုရာတွင် မတွေ့ရှိတာကြောင့် မိုင်းထောင်ဖောက်ခွဲမှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့တွင်လည်း နောက်ထပ်တစ်ကြိမ် ဝင်ရောက်မိုင်းထောင်မှု ပြုလုပ်ခဲ့သည်ဟု စိုင်းအုန်းလွင်က ပြောဆိုသည်။
စိုင်းအုန်းလွင်၏ မိသားစုဝင်များသည် ခြိမ်းခြောက်ခံရမှုကြောင့် သင်္ကြန်ကာမတိုင်မီ နေအိမ်မှခေတ္တရှောင်တိမ်း နေထိုင်ခဲ့ကြရာမှ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်း၌ အစ်ကိုဖြစ်သူက နေအိမ်ကို သွားရောက်ကြည့်ရှုချိန်တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“သူတို့တွေ (PDF) က ကျွန်တော်အိမ်ကို ၁၆ ရက်နေ့ကတကြိမ်၊ ည ၈ နာရီ ၉ နာရီ ဝန်းကျင်ပေါ့။ ကျွန်တော်အိမ် ကို မိုင်းကပ်ပြီးတော့မှာ ခွဲခဲ့တယ်။ သေနတ်နဲ့လည်း ပစ်တယ်၊ အဲ့ဒီကနေ စတာပေါ့။ ပြီးတော့ ၂၅ ရက်နေ့က တကြိမ်ပေါ့နော်” ဟု စိုင်းအုန်းလွင်က ဆိုသည်။
နားမော်ကျေးရွာအနီးတွင် အခြေချလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များ မရှိသော်လည်း PDF တပ်ဖွဲ့များက မကြာခဏ ကျေးရွာအတွင်း ဝင်ထွက်သွားလာမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စိုင်းအုန်းလွင်သည် မုံရွာတက္ကသိုလ်များ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ချင်းတွင်းဥရု ရှမ်းနီလူငယ်များ ကွန်ရက်၊ ရှမ်းနီလူငယ်များ သွေးလှူရှင်အသင်းနှင့် ရှမ်းနီစာပေညီလာခံ ဖြစ်မြောက်ရေးကော်မတီ စသည့်အဖွဲ့များတွင် ခေါင်းဆောင်အဖြစ် ပါဝင်လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။