စစ်ကောင်စီက ပစ်သတ်ထားသည့် ကော့ပလိုင်လူငယ်တစ်ဦး၏ရုပ်အလောင်း တွေ့ရှိ

By MPM 28 ဧပြီ, 2024 👁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ပလိုင်ကျေးရွာတွင် စစ်ကောင်စီက ပစ်သတ်ထားသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ဧပြီ ၂၇ ရက်နေ့တွင် ရှာတွေ့ရှိခဲ့သည်ဟု ရွာသားများပြောဆိုမှုအရ သိရသည်။

ကော့ပလိုင်ရွာသားတစ်ဦးဖြစ်သည့် အသက် ၃၀ အရွယ်ရှိ မင်းအောင်ချမ်းဆိုသူကို ပြီးခဲ့သည့် မတ်လ ၂၅ ရက် နေ့တွင် စစ်ကောင်စီက ၎င်း၏ ဖုန်းအားရှာဖွေစစ်ဆေးရာတွင် မွန်ပြည်သစ်ပါတီ AD အဖွဲ့ကို ထောက်ပံ့နေသည့် အထောက်အထားများ တွေ့ရှိသည်ဟုဆိုပြီး လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ရွာခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်တွေ ကော့ဘိန်းရွာကိုဝင်လာတဲ့ ဧပြီ ၂၅ ရက်နေ့တုန်းကဆို ကော့ပလိုင်ဘက်ကိုလည်း သူတို့ ရောက်လာတယ်၊ သေဆုံးသွားတဲ့ အောင်ချမ်းကလည်း သူတို့ (စစ်ကောင်စီ) ကပဲ ဖမ်းသွားပြီးတော့ ဆိုင်ကယ်ရော သိမ်းထားတယ်၊ သူ့ကိုလည်း သွားသွားလာလာခေါ်သွားနေတယ်၊ အဲဒါကို ရွာမှာကျန်နေတဲ့ လူတွေက တွေ့နေ တယ်တဲ့၊ အဲဒီတစ်ရက်ပြီးတော့ နောက်နေ့မှာတော့ မတွေ့ရတော့ဘူးတဲ့ ပျောက်သွားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ဧပြီ ၂၇ ရက်နေ့တွင် ကော့ပလိုင်ကျေးရွာ၊ ကံသီရပ်ကွက် ချောင်းနံဘေးရှိ လူနေအိမ်နောက်ဖေး တစ်နေရာတွင် သေနတ်နှင့် ပစ်သတ်ခံထားရပြီး နောက်ပြန်ကြိုးတုပ်လျှက် သေဆုံးနေသည့် မင်းအောင်ချမ်း၏ ရုပ်အလောင်းကို ရွာသားတို့က ရှာဖွေတွေ့ရှိခဲ့သည်ဟု ရွာသားများက ပြောဆိုသည်။

မင်းအောင်ချမ်း၏ ရုပ်အလောင်းသည် ရုပ်ပျက်ဆင်းပျက်ဖြစ်ခါနီးဖြစ်သော်လည်း ကော့ပလိုင်ကျေးရွာအတွင်းရှိ စစ်ကောင်စီအဖွဲ့တို့က ဧပြီ ၂၈ နေ့လည်ပိုင်းအချိန်ထိ လာရောက်သိမ်းဆည်းခွင့် မပြုသေးကြောင်း သိရသည်။

ထို့အပြင် ကော့ပလိုင်ကျေးရွာတွင် ပျောက်ဆုံးနေဆဲဖြစ်သည့် အသက် ၃၈ နှစ်အရွယ် နိုင်ဆိုက်ဂျီဆိုသူလည်း သေဆုံးခဲ့ရသည်ဟု ကြားသိရသော်လည်း အတည်ပြုနေဆဲဖြစ်ပါသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီ ခလရ ၈၁ ဇာသပြင်မှ အင်အား ရာနှင့်ချီရှိသည့် ကရင်နယ်ခြားစောင့်တပ် BGF တို့နှင့် ပူးပေါင်းပြီး ရေကြောင်းမှတဆင့် ကော့ဘိန်း၊ ကော့ပလိုင် ရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံရွာသားများကို ဖမ်းဆီးအကြမ်းဖက်မှုပြုခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်တို့ ကော့ဘိန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်စဉ်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

IMNA ပေးပို့သည်။