စစ်ကိုင်းတိုင်းအထက်ပိုင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို လူနှစ်ဦးက ဝင်ရောက်လုယက်စဉ် လူမိသွားသောကြောင့် ရွှေဆိုင်ပိုင်ရှင်၏သမီးကို ဓားဖြင့်ထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုဖြစ်စဉ်ကိုသိသည့် ဒေသခံတစ်ဦးက “လူမိတဲ့အခါကြတော့ ဆိုင်ရှင်ကို ထုလား၊ ထောင်းလား။ အဖွားကြီးကို ထု၊ တရုတ်မ အငယ်မကိုကတော့ ဓားနဲ့ ထိုးထားခဲ့တယ်” ဟု ပြောသည်။
လုယက်ဓါးထိုးမှု ဖြစ်ပွားသည့်ရွှေဆိုင်မှာ ဦးစက်ချန့်မိသားစုရွှေဆိုင်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဓားဖြင့်ထိုးသူနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ဗန်းမောက်မြို့ပေါ်၌ လောင်းကစားဝိုင်းများ တိုးများလာနေခြင်းကြောင့် ခိုးဆိုးယုယက်မှုများ ဖြစ်ပွားမှုများလာကြောင်း ဒေသခံများက ပြောဆိုသည်။
ဓားဖြင့်ထိုးခံရသူ ရွှေဆိုင်ပိုင်ရှင်၏ အငယ်ဆုံးသမီးမလီဖန်းသည် အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာဖြင့် ဗန်းမောက်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံရနေရကြောင်း သိရသည်။
ဦးစက်ချန့်မိသားစုရွှေဆိုင်သည် ဗန်းမောက်မြို့နယ်အတွင်းထွက်ရှိသည့် ရွှေများကို ရောင်းဝယ်ရေးပြုလုပ်နေသလို အပေါင်ဆိုင်လုပ်ငန်းကို လုပ်ကိုင်နေသည်ဟု မြို့ခံများက ဆိုသည်။
ဗန်းမောက်မြို့ပေါ်၌ တိုးပွားများလာသော လောင်းကစားဝိုင်းများသည် စစ်ကောင်စီ၊ နယ်မြေခံရဲနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ (စအဖ) များကို ငွေကြေးပေးဆောင်ပြီး လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ယခုဓားထိုးမှုဖြစ်စဉ်သည်လည်း လောင်းကစားဝိုင်းများမှ လောင်းကစားပြုလုပ်သူများနှင့် ဆက်စပ်နိုင်သည်ဟု ဒေသခံများက ယုံကြည်ပြောဆိုနေကြသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ စစ်ကိုင်းတိုင်းတွင် ရွှေဆိုင်လုယက်ဓားပြတိုက်မှု ၅ မှုအထိ ဖြစ်ပွားခဲ့ကြောင်း Data for Myanmar ရဲ့ ပြုစုထားသည့် စာရင်းများအရ သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။