ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ARSA အကြမ်းဖက်အဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး

0
49
Photo- Shwe Pyae Nyo

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ စစ်ဘေးတိမ်းရှောင်ပြေးနေကြသည့် ရခိုင်လူမျိုးများ၏နေအိမ်များကို စစ်ကောင်စီတပ်နှင့် ARSA အကြမ်းဖက်အဖွဲ့ဝင်များ၊ သင်တန်းဆင်းပြီးစ လက်နက်ကိုင်မွတ်ဆလင်များက မီးရှို့ဖြိုချဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော်ကို ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်မြို့တွင် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ ထိုသို့စစ်ဘေးတိမ်းရှောင်နေကြစဉ် တမြို့လုံးနီးပါးရှိ ရခိုင်လူမျိုးနေအိမ်များ ဖြိုချမီးရှို့ဖျက်ဆီးခံခဲ့ရသည့်အတွက် အထူးစိတ်မကောင်းကြောင်း ဒေသခံ နေအိမ်ပိုင်ရှင်များက ပြောဆိုကြသည်။

ဘူးသီးတောင်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ကျနော်တို့တမိသားစုလုံးရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်။ ဆိုင်ခန်းတွေ မီးရှို့မခံရခင်တုန်းက အရင် ဖောင်ထွင်းခံရတယ်။ ပြီးတော့ အခုမီးရှို့ခံရတာတွေက ရခိုင်ပိုင်ဆိုင်မှုရှိတဲ့ နေရာတွေ၊ အိမ်တွေ အများစုပါ။ သူတို့ မွတ်ဆလင်ပိုင်ဆိုင်မှုများတဲ့ ဈေးတို့ဘာတို့ဆိုရင် ဘာမှမလုပ်ဘူး။ ကျနော်တို့ ပြောစရာစကားလုံးမရှိအောင် ခံပြင်းမိတယ်။ စိတ်လည်း တကယ်မကောင်းဘူး” ဟု ပြောသည်။

ဧပြီလ ၁၄ ရက်နေ့ မှ စ၍ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီတပ်၊ ARSA နှင့် စစ်သင်တန်းဆင်းပြီးစ မွတ်ဆလင်များအပါအဝင် စစ်ကောင်စီကိုလိုလားသည့် မွတ်ဆလင်တစ်စုက ရခိုင်လူမျိုးနေအိမ်များကို မီးရှို့ဖျက်ဆီးနေတာကို နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ဘူးသီးတောင်မြို့ခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက “စစ်ဘေးရှောင်လို့ အိုးအိမ်စွန့်ခွာပြီး လာကြရတယ်။ ဒီလို ဖြစ်နေတဲ့အချိန်မှာ မတရားမီးရှို့ဖျက်ဆီးတာတွေ ကြုံနေရတယ်။ ကျမ မထင်ထားဘူး။ ဒီလိုလုပ်ရက်ကြလိမ့် မယ်လို့။ စစ်တပ်ကို လူတိုင်းကမုန်းနေတဲ့ အချိန်မှာ စစ်တပ်ပေါင်းပြီး ဒီလိုပြန်လုပ်မယ်လို့ မထင်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို တရားမျှတမှုရှိအောင် သက်ဆိုင်ရာတွေက လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

ဧပြီလ ၁၄ ရက်နေ့၌ပင် ဘူးသီးတောင်မြို့ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေ ၏ နေအိမ်နှင့် ရုံးခန်းအပါအဝင် ရခိုင်လူမျိုးများ၏ နေအိမ် ၅၀ ခန့်ကို စစ်ကောင်စီက စစ်သင်တန်းပေးထား သည့် မွတ်ဆလင်အစွန်းရောက်တချို့က မီးရှို့ခဲ့သည်ဟု မြို့ခံများက ပြောသည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ပေါ်ရှိ နယ်စည်းမခြားဆရာဝန်များအသင်း (MSF) ၏ ရုံးခန်းနှင့် ဆေးသိုလှောင်ရုံများအပါအဝင် ဒေသခံအိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံခဲ့ရသည်ဟု MSF က ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီအုပ်ချုပ်ရေး ရှိနေသေးသည့် ဘူးသီးတောင်မြို့ပေါ်တွင် သတ်ဖြတ်ခံထားသည့် အသက် ၃၀အရွယ် လူငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ဧပြီ ၁၁ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီနှင့် အစွန်းရောက်မွတ်ဆလင်များက ဖန်တီးနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ဘူးသီးတောင်ဒေသတွင် အစ္စလာမ်မစ်အကြမ်းဖက်အုပ်စုများက ဟိန္ဒူဘာသာဝင် ၁၆၀၀ ကျော် နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ကျော် တို့ကို ဓါးစာခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အိန္ဒိယ အိတ်စ်ပရက် သတင်းဌာနက ဖော်ပြထားကိုလည်း တွေ့ရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here