ထားဝယ်ထောင်မှ လွတ်မြောက်သူများထဲ နိုင်ငံရေးအကျဉ်းသူ တစ်ဦးသာပါရှိ

0
57
ပုံစာ - ထားဝယ်ထောင်မှ ပြန်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ။

ထားဝယ်အကျဉ်းထောင်မှ ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ ၁၁ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသူတစ်ဦးသာ ပါလာသည်ဟု အကျဉ်းဦးစီးဌာနအရာရှိတစ်ဦးက ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများထဲ နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်နှင့်အတူ ရာဇဝတ်မှုများဖြင့် အကျဉ်းချ ခံထားရသည့် အကျဉ်းသား ၁၀ ဦး ပါဝင်သည်ဟု အဆိုပါအရာရှိက ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူ အကျဥ်းသားတစ်ဦးက “ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ခဲ့ရင် အဲ့ဒီပြစ်ဒဏ်အပြင် လက်ရှိကျခံဖို့ ကျန်နေတဲ့ ပြစ်ဒဏ်တွေကိုပါ
ဆက်ပြီးကျခံပါမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းခွင့် ပြုလိုက်တာပါ” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂-က၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ဂ တို့နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီလ ၁၇ ရက်) နေ့တွင် အကျဉ်းသူ/သား ၃၀၀၀ ကျော်ကို လွှတ်ပေးမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မိသားစုဝင်အချို့က အကျဥ်းထောင်အရှေ့၌ သွားစောင့်နေခဲ့ကြသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ပမာဏနည်းပါးခြင်းနှင့် ရာသီဥတု ပူပြင်းခြင်းတို့ကြောင့် အကျဥ်းထောင်ရှေ့တွင် လာရောက်စောင့်သူဦးရေ နည်းသည်ကို တွေ့မြင်ရကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူအချို့က ပြောသည်။

ထို့အပြင် မြိတ်အကျဥ်းထောင်မှလည်း အကျဥ်းသား ၁၀ ဦးနှင့် အကျဥ်းသူ ၃ ဦး ပြန်လွတ်လာပြီး ထိုအထဲ၌ နိုင်ငံရေးအကျဥ်းသားများ ပါဝင်ခြင်း မရှိကြောင်း မြိတ်အကျဥ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားအကျဉ်းသူ ၃,၃၀၀ ကျော်ကို ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်) နေ့လယ်ပိုင်းက လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ကလည်း အကျဉ်းသားအကျဉ်းသူ ၉,၀၀၀ ကျော်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ရာတွင်လည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့ပါသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here