မောင်တောရှိမွတ်ဆလင်လူငယ်များကို စစ်မူထမ်းရန် စစ်ကောင်စီကဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေရ

0
39
ပုံစာ - မောင်တောရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ မွတ်ဆလင်လူငယ်များကို စစ်မူထမ်းဆောင်ရန် စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် မောင်တောဒေသခံမွတ်ဆလင်လူငယ်များ ညအချိန်၌ မိမိနေအိမ်များတွင် မအိပ်ရဲတောဘဲ တိမ်းရှောင်နေထိုင်နေကြကြောင်း ဒေသခံမွတ်ဆလင်များထံမှ သိရသည်။

ဒေသခံမွတ်ဆလင်တစ်ဦးက “ကညင်တန်းကျေးရွာက မွတ်ဆလင်လူငယ်ကို ဧပြီလ ၁၂ ရက်နေ့ညက စစ်ကား ၃ စီးနဲ့လာပြီး နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ရှိတယ်။ အုပ်ချုပ်ရေး အဖွဲတွေလည်း ပါတယ်။ လူငယ်တွေက ထွက်ပြေးသွားတာများတယ်။၁၂ ဦး ဖမ်းမိတယ်။ သူတို့က ၁၂ ဦးနဲ့ ဘာမှ လုပ်မရဘူး။ အနည်းဆုံး ၅၀ ရမှ ဖြစ်မယ်။ ပြန်လွတ်ထားလိုက်ဆိုပြီး ကားပေါ်က ချပေးသွားတယ်” ဟု ပြောသည်။

ဧပြီလဆန်းပိုင်းမှစပြီး မောင်တောမြို့ပေါ်ရှိ မွတ်ဆလင်ရပ်ကွက်၊ ကျေးရွာကြီးများဖြစ်သည့် မြို့မကညင်တန်း ရပ်ကွက်၊ မောင်နီကျေးရွာ၊ ရွှေဇားကျေးရွာအုပ်စုများသို့ ညအချိန်၌ စစ်ကားများ၊ နယ်ခြားစောင့်ကားများဖြင့် လာရောက်ဖမ်းဆီးမူပြုရာတွင် မွတ်ဆလင်လူငယ်များက တိမ်းရှောင်နေကြတာကြောင့် ဖမ်းဆီးရမိခြင်း မရှိသည်ကို ကြားသိရသည်ဟု မွတ်ဆလင်များက ပြောဆိုကြသည်။

“သူတို့ဘယ်လောက် စည်းရုံးပြီးခေါ်ခေါ် မောင်တောက မွတ်ဆလင်လူငယ်တွေက လုံးဝကို စိတ်မဝင်စား ကြတာ။ နေအိမ်တွေမှာ မအိပ်ကြတော့ ဖမ်းဆီးလို့မရနိုင်တာ” ဟု ဒေသခံမွတ်ဆလင်တစ်ဦးက ပြောသည်။

မောင်တောမြို့ရှိ မွတ်ဆလင်လူငယ်များအား စစ်မူထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီးမူများ ပြုလုပ်နေသလို အုပ်ချုပ်ရေးအဖွဲ့များကတဆင့် ဖိအားပေးပြီး စစ်မှုထမ်းဖို့ခေါ်တာလည်း ရှိနေတာကြောင့် လူငယ်များသည် ညအချိန်၌ လယ်တဲများ၊ လယ်ကွင်းများ၊ ပုဇွန်ကန်များ၌ တိမ်ရှောင်ပြီး အိပ်နေကြရသည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့တွင်လည်း မွတ်ဆလင်လူငယ်များကို စစ်ကောင်စီက စစ်မူထမ်းရန် အဓမ္မ ဖမ်းဆီး ခေါ်ဆောင်နေသည့်အပြင် ရက္ခိုင်တပ်တော်ကို ဆန္ဒပြခိုင်းခြင်းစသည့် လူမျိုးရေး/ဘာသာရေး ပြဿနာများ ဖြစ်ပွါးအောင် ရခိုင်လူနေအိမ်များအား မီးရှို့ခိုင်းစေမူများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံမွတ်ဆလင်များထံမှ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here