အမ်းမြို့၊ တောဟိန်းတောင်ဗျူဟာကုန်း တိုက်ပွဲပြင်းထန်

0
48

ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့နယ်၊ ကဇုကိုင်းရှိ တောဟိန်းတောင် ဗျူဟာကုန်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက အဆိုပါစခန်း မကျစေရန်အတွက် လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု သိရသည်။

အမ်းဒေသခံတစ်ဦးက “ သင်္ကြန်ကာလအတွင်း အမ်းမှာ တနေ့ထက်တနေ့ ပိုပြင်းလာတယ်။ ဒီနေ့ဆိုရင် မနေ့ကထက် ပြင်းတယ်ပြောလို့ရတယ်။ မကွေးဘက်က လေယာဉ်တွေမကဘူး၊ တံတားဦးဘက်က လေယာဉ် တွေပါ လာရောက်ပစ်ခတ်တာ။ အရင်ကဆို မကွေးတခုထဲက လာပစ်တာ။ သူတို့ တောဟိန်းတောင် ဗျူဟာကုန်းကျသွားရင် အမ်းမြို့က စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်က အလွယ်တကူ ဝင်ရောက် တိုက်ခိုက်နိုင်မှာစိုးပြီး စစ်ကောင်စီဘက်က အသည်းအသန် ခုခံကာကွယ်နေတာ” ဟု ပြောသည်။

တိုက်ပွဲသည် ဧပြီ ၁၆ ရက် ညနေကတည်းက ပြင်းထန်နေပြီး ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ရရှိထားပြီဆိုသည့် သတင်းများ ထွက်ပေါ်နေကြောင်း အမည်မဖော်လိုသည့် အမ်းဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

“မနေ့ကတည်းက တောဟိန်းတောင် ဗျူဟာကုန်းကို တပ်တော်က ပြတ်လုနီးပါးအထိ ရခဲ့တယ်။ ပြတ်လည်း ပြတ်နေပြီလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောပါသည်။

ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စ၍ နေ့လယ် ၂ နာရီ အထိ အမ်းအခြေစိုက် တပ်ရင်း ၄ ခုမှ လက်နက်ကြီး များဖြင့် တောဟိန်းတောင် ဗျူဟာကုန်းနှင့် ဒါးလက်ရွာဘက်ကို ပစ်ခတ်မှုရှိခဲ့ပြီး မကွေးတိုင်းနှင့် မန္တလေးတိုင်း တံတားဦးလေတပ်မှလည်း ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု ပြောဆိုကြသည်။

ဧပြီ ၁၆ ရက်နေ့တွင် အမ်းမြို့နယ် ငပြည်ကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး အမ်းအခြေစိုက် ခမရ (၃၇၁) တပ်နှင့် BE တပ်ရင်းရှေ့က လက်နက်ကြီးတပ်ဆင် ထားသည့် စစ်ကောင်စီ၏ တပ်ရင်းဘက်မှ အမ်းရိုးမဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

“အမ်း -ပဒါန်း လမ်းပိတ်ပြီးတဲ့နောက်မှာဆိုရင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေ အများကြီး ရှိတယ်။ ငပြည်ရွာဖက်မှာ အမ်း (နပခ)ကနေပြီး စစ်ကြောင်းထိုးတာတွေရှိတယ်။ အဲ့ဒီစစ်ကြောင်းတွေနဲ့ ဒီနေ့ တိုက်ပွဲ ဖြစ်နေတယ်။ ပဒါန်းဘက်ကလည်း စစ်ကောင်စီစစ်ကြောင်းထိုး အင်အားဖြည့်တာတွေရှိတယ်။ ဒီနေ့ဆိုရင် တောက်လျှောက် ခမရ (၃၇၁) နဲ့ BE တပ်ရှေ့က လက်နက်ကြီးလက်နက်ကျည် ပစ်ခတ်တာတွေ ပြုလုပ်နေတယ်။ ရပ်လိုက်တန့်လိုက် ညနေ ၅ နာရီထိ” ဟု ၎င်းက ပြောသည်။

အမ်းမြို့နယ်၊ ရိုးမပေါ်ရှိ ပိန်းရေစမ်းကျေးရွာတွင်လည်း ပြီးခဲ့သည့် ဧပြီ ၁၅ ရက် နေ့လယ် ၂ နာရီခန့်ကနေ ညနေ ၁၀နာရီအထိတို က်ပွဲပြင်းထန်ခဲ့သည်ဟု အမ်းမြို့ဒေသခံများက ပြောသည်။

ယင်းအပြင် အမ်းကဇုကိုင်းတောင်တန်းဘက်တွင် ဧပြီ ၁၅ ရက်နေ့ တစ်ရက်ထဲမှာ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တမိုင်ကုန်းတပ်ရင်းမှ လက်နက်ကြီးကျည်များဖြင့် ညနေ ၁၀ နာရီအထိ ပစ်ခတ်ခဲ့သဖြင့် စမ်းချောင်းကျေးရွာအနီးသို့ လက်နက်ကြီးကျည်တချို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း အမ်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက် နေ့ကလည်း အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀၀၀) ခန့် အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အာရက္ခတပ်တော်မှ သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် ၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အမ်းမြို့နယ်၊ ကဇုကိုင်းအနီးရှိ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီ ပွိုင့် (၂၅၇) စခန်းကို တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

အမ်းမြို့သည် ပြည်မနှင့် ရခိုင်ကို ဆက်သွယ်ထားသည့် ဝင်ပေါက်ထွက်ပေါက်ရှိရာ မြို့ဖြစ်သည်သာမက စစ်ရေးအရအရေးပါသော မြို့တမြို့ဖြစ်သည်။ အမ်းသည် ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးပြုလုပ်နေသည့် အဓိကအချက်အချာကျသည့် မြို့တမြို့လည်းဖြစ်သည်။

အမ်းမြို့နှင့် နယ်ကျေးရွာများအကြား ကုန်းလမ်းရေလမ်း ဆက်သွယ်ရေးကို စစ်ကောင်စီမှ ပိတ်ဆို့ထားသည့် အတွက် မြို့ပေါ်ဒေသခံများမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး အကူအညီများ လိုအပ်နေကြောင်း မြို့ပေါ်ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here