ချင်းလူငယ် CDM ဆရာဝန် စစ်မှုထမ်းဥပဒေတိမ်းရှောင်ရန် မလေးရှားနိုင်ငံသို့သွားရာ လမ်းခရီးတွင် အမောဆို့ သေဆုံး

0
31
ပုံစာ - သေဆုံးသွားသည့် ချင်းလူငယ် CDM ဆရာဝန်ခွါလ်ရှန်းတုန် ဆေးကုသမှုပေးခဲ့စဉ်က။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းဆောင်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်းရှိလာသောကြောင့် ချင်းလူငယ် CDM ဆရာဝန် ခွါလ်ရှန်းတုန်သည် တိမ်းရှောင်ရန်သွားနေစဉ် ဧပြီလ ၁၃ ရက်နေ့က လမ်းခရီးတနေရာတွင် အမောဆို့ကွယ်လွန်သွားခဲ့သည်။

ချင်းလူငယ် CDM ဆရာဝန်သည် မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားရာ လမ်းခုလတ်ဖြစ်သည့် ကရင်ပြည်နယ် တနေရာတွင် အမောဆို့၍ သေဆုံးသွားရာ ၎င်း၏ရုပ်အလောင်းအား မွေးရပ်ဇာတိသို့ သယ်ဆောင်နိုင်ခြင်းမရှိဘဲ ဧပြီလ ၁၅ ရက်နေ့က ကရင်ပြည်နယ်ရွာတစ်ရွာ၌ သဂြိုလ်လိုက်ရကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

“စစ်တပ်က စစ်မှုထမ်းဖို့စာရင်းတွေ ကောက်တာရှိတော့၊ စိုးရိမ်လို့ တိမ်းရှောင်ဖို့ မြေပြင်လမ်းကနေ မလေးရှား သွားဖို့ လောလောနဲ့ ထွက်ခဲ့ရတာ၊ အဲမှာ ခြေလျင်နဲ့သွားတာ များတဲ့ပုံပဲ။ သူကအရမ်းပင်ပန်းတယ်လို့ သူနဲ့သွားတဲ့ သူတွေဆီကကြားတာ၊ သူ့အလောင်းက ကရင်ပြည်နယ်တစ်နေရာမှာ သူက CDM ဆိုတော့ အလောင်းပြန်သယ် ဖို့လဲ မဖြစ်ဘူး။ ကရင်ပြည်နယ် ရွာတစ်ရွာမှာ သဂြိုလ်လိုက်ကြတယ်” ဟု အဆိုပါနီးစပ်သူက ပြောသည်။

ကွယ်လွန်သွားသူ ဒေါက်တာခွါလ်ရှန်းတုန် (ခေါ်) ဒေါက်တာတူတုန်းသည် ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ ဆိုင်ပီးမွာလ် ဇာတိဖြစ်ပြီး စစ်အာဏာမသိမ်းမီက ခွဲစိတ်အထူးကုပထမနှစ် တက်ရောက်နေခဲ့သော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-19 ကပ်ရောဂါ အပြင်းအထန်ဖြစ်ပွားခဲ့ချိန်ကလည်း ဒေါက်တာခွါလ်ရှန်းတုန်သည် ကိုဗစ်ရောဂါပိုး ကူးစက်ခံလူနာများအား အိမ်တိုင်ရာရောက် သွားရောက်ကုသပေးခဲ့သူဖြစ်ပြီး Medical Evangelism အဖြစ် အသင်းတော်အတွက် ပါဝင်ဆက်ကပ်ခဲ့ဖူးသူဟုလည်း သိရသည်။

သေဆုံးချိန်တွင် အသက် ၃၂ နှစ်အရွယ်သာရှိသေးသည့် ဒေါက်တာခွါလ်ရှန်းတုန် ၂၀၀၈ ခုနှစ်တွင် ကလေးမြို့ကနေ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမှတ် (၂) ရန်ကုန် ဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်အထိ မော်လမြိုင်၊ သန်လျင် စသည့် ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here