မတူပီအခြေစိုက် CDF – မတူပီ၊ တပ်မဟာ (၁) အဖွဲ့က ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး ချင်းပြည်စစ်ရေးကိစ္စများ အတွက် ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာသည်။
CDF – မတူပီ၏ တော်လှန်ရေး ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည့် ဧပြီလ ၁၀ ရက်မှစတင်၍ ချင်းပြည် စစ်ရေး ကိစ္စရပ်များနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးကိစ္စရပ်များကို ချင်းညီနောင်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု CDF- မတူပီ၊ တပ်မဟာ (၁) အဖွဲ့က ထုတ်ပြန်ပြောဆိုသည်။
“ကျနော်တို့ ရပ်တည်ချက်တွေ၊ စစ်ရေး၊ နိုင်ငံရေး လမ်းစဉ်တွေအရ ချင်းညီနောင်နဲ့ တူညီမှုရှိတယ်၊၊ လက်တွဲ လုပ်ဆောင်ဖို့ ရှိတယ်။ အဲဒါကြောင့် ပါဝင်ရခြင်း ဖြစ်တယ်။ ဒီနေ့ဟာ CDF – မတူပီရဲ့ ၃ နှစ် ပြည့်နေ့လည်း ဖြစ်တယ်ဆိုတော့ တဆက်ထဲ Join (ပူးပေါင်း)လိုက်တာပါ” ဟု CDF – မတူပီ၊ တပ်မဟာ (၁) ၏ ပြန်ကြားရေးမှူး က ပြောသည်။
CDF – မတူပီ တပ်မဟာ (၁) ညီလာခံကို ဧပြီလ ၃ ရက်က အောင်မြင်စွာကျင်းပပြီးနောက် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးလမ်းစဉ်တူညီသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး နောက် ချင်းညီနောင်အဖွဲ့နှင့် ယခုကဲ့သို့ စတင်ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။
မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ပူးပေါင်းဆောင်ရွက် မည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်းကောင်စီ ပြင်ပလမ်းကြောင်းဖြင့် သွားချင်သည့် အုပ်ချုပ်ရေးအဖွဲ့ဖြစ်မည့် အရပ်ဖက်တော်လှန်ရေး အင်အားစုများလည်း ရှိနေကြောင်း သိရသည်။
ချင်းညီနောင်နှင့်အတူ တော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်တွင်း/ပြည်ပရှိ ပြည်သူများအနေဖြင့် ဆက်လက်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် CDF – မတူပီ၊ တပ်မဟာ (၁) က တိုက်တွန်းထားသည်။
“ကျနော်တို့က ပူးပေါင်းဆောင်ရွက်သွားမယ်။ စစ်ရေးအရှိန် မြင့်တင်သွားမယ်။ ကျနော်တို့ ဒီလအတွင်း စတင်လိုက်တဲ့ စစ်ဆင်ရေးတွေလည်း ရှိသလို ဆက်တိုက်ပေါ့နော်၊ ဒီနှစ်အတွင်းမှာရော စစ်ကောင်စီ မပြုတ်သရွေ့ စစ်ဆင်ရေးတွေ လုပ်သွားဖို့လည်းရှိမယ်” ဟု ပြန်ကြားရေးမှူးက ပြောသည်။
တော်လှန်ရေး ၃ နှစ်တာကာလတွင် မတူပီမြို့နယ်အတွင်း မတူပီမြို့ပေါ် စစ်ကောင်စီစခန်းများမှအပ ကျန်ကျေးလက်ဒေသများကို CDF – မတူပီ၏ ထိန်းချုပ်နယ်မြေအဖြစ် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ စခန်းများ ထိုးစစ်ဆင်နွှဲခြင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်း၊ အလင်းဝင်လာသည့် စစ်ကောင်စီအဖွဲ့ဝင် အများအပြားကို လက်ခံခြင်းများနှင့်အတူ စစ်ရေးအရ အောင်မြင်မှုများရှိခဲ့သည်။
ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီ (CC) နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့၏ ချင်းတော်လှန်ရေး အင်အားစုများကြား နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် CDF – မတူပီတပ်ဖွဲ့သည် တပ်မဟာ ၂ ခု အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ မတူပီမြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ၊ အရပ်ဖက်တော်လှန်ရေးအင်အားစုများ အပါအဝင် တပ်ရင်းအသီးသီးမှ တပ်မှူးများဖြင့် CDF – မတူပီ၏ တတိယအကြိမ်မြောက် ညီလာခံကို ကျင်းပပြီးနောက် တပ်မဟာ ၂ ခုအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တပ်မဟာ (၁) တွင် တပ်ရင်း – ၁ နှင့် တပ်ရင်း – ၅ တို့ ပါဝင်ပြီး ချင်းညီနောင်၊ ICNCC လမ်းကြောင်းဖြင့်သွားမည်ဟု ဆိုသည်။
တပ်မဟာ (၂) တွင် တပ်ရင်း – ၂၊ တပ်ရင်း – ၃၊ တပ်ရင်း – ၄ နှင့် အသစ်တပ်ရင်း – ၆ တို့ ပါဝင်ပြီး ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ စစ်အာဏာသိမ်းမှု အစောပိုင်းကာလတွင် မတူပီမြို့နယ်အတွင်း ‘မတူပီ လုံခြုံရေးအဖွဲ့’ အဖြစ် စတင် ဖွဲ့စည်းခဲ့ပြီးနောက် ‘မတူပီတော်လှန်ရေးတပ်ဖွဲ့’ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ယင်းမှတဆင့် ၂၀၂၁ ဧပြီလ ၁၀ ရက်တွင် CDF – မတူပီအဖြစ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့တွင် ဇိုမီဖက်ဒရယ်အစည်းအရုံး / PDF Zoland ၊ ချင်းအမျိုးသားအဖွဲ့ချုပ်/ CNDF ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)/ CDF – မင်းတပ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ MDF နှင့် CDF – ကန်ပက်လက်တို့ ပါဝင်ပြီး ဧပြီ ၁၀ ရက်နေ့၌ CDF – မတူပီ၊ တပ်မဟာ (၁) က စတင်ပါဝင်လာသည်။
KMG ပေးပို့သည်။