သျှမ်းပြည်၊ နမ့်စန်မြို့နယ်တွင် စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသူများသည် ဒေသခံပြည်သူ့စစ်အဖွဲ့များထံသို့ ဝင်ရောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း နမ့်စန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသည့် လူငယ်များသည် ဒေသခံ ပြည်သူ့စစ်အဖွဲ့များထံ ဝင်ရောက်မှုများရှိလာကြောင်း နမ့်စန်မြို့နယ်ဒေသခံများက ပြောသည်။
“ပြည်သူ့စစ်နယ်မြေဆိုရင် အဲ့ဘက်ထဲစာရင်းပေးပြီး ရှောင်ကြတယ်။ မက်ကျန်း ပြည်သူ့စစ်ကတော့ စစ်သင်တန်း တက်ပြီး အဖွဲ့အစည်းထဲ မနေချင်ရင်လည်း ကိုယ့်အိမ်ကိုယ်ပြန်နေလို့ရတယ်။ အရံပုံစံလိုမျိုးပဲ ပြောရမယ် ထင်တယ်။ သူတို့လိုတဲ့အချိန်မှ ပြန်ခေါ်မှာပေါ့။ မက်ကျန်း၊ နားရိုင်း ဒီနယ်မြေတွေမှာပေါ့” ဟု နမ့်စန်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
နမ့်စန်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ်နှင့် နားရိုင်း ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားနေပြီး နမ့်စန်လေတပ်စခန်းနှင့် စစ်ကောင်စီတပ်၏ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လည်း ခိုလမ်မြို့တွင် အခြေစိုက်ထားသည်။
နမ့်စန်မြို့နယ်ဒေသခံအမျိုးသားက “ဦးလျန်းဆိုင်ဆိုရင် သူ့နယ်မြေထဲ စစ်သင်တန်းပေးဖို့ လုပ်နေတာကြာပြီ။ အဲ့ဒါကတော့ စစ်မှုထမ်းမခေါ်သေးခင်ကတည်းက လုပ်နေတာ။ တချို့လည်း မိသားစုလိုက် ထိုင်းနိုင်ငံကို ထွက်သွားကြတာ ရှိတယ်။ ရွာဘက်တွေဆိုရင်တော့ RCSS စိုးမိုးနယ်မြေထဲဆိုရင် အဲ့မှာ စစ်သင်တန်း သွားတက်ကြတယ်” ဟု ဆက်ပြောပြသည်။
မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်စန်နှင့် ခိုလမ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး (လဝက) တာဝန်ရှိသူများနှင့် ရပ်ကွက်စာရေးများက အသက်ပြည့်ပြီးသည့် လူဦးရေစာရင်း လိုက်လံကောက်ယူခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုတစ်ခုလျှင် အမျိုးသား ၂ ယောက်စီ စစ်မှုထမ်းရမည်ဟု ညွှန်ကြားခဲ့ကြောင်း သိရသည်။
“ရှေ့အပတ်က လူဦးရေစာရင်း အစမ်းကောက်လိုမျိုး တစ်အိမ်တက်ဆင်း လိုက်ကောက်တာရှိတယ်။ ရွာဘက်တွေ မှာတော့ လူငှားထည့်မယ်လို့ ပြောကြတယ်။ အရက်သမားနဲ့ မူးယစ်ဆေးစွဲနေတဲ့ လူလိုမျိုး ဖြစ်နိုင်ရင် ထည့်လိုက် မယ်ပေါ့။ အဲ့လိုမှ မရရင်လည်း မဲနှိုက်ရမယ်လို့တော့ ပြောတယ်” ဟု နမ့်စန်ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
နမ့်စန်မြို့နယ်တွင် နမ့်စန်မြို့ပေါ် ရပ်ကွက် (၅) ခု၊ ခိုလမ်မြို့ပေါ် ရပ်ကွက် (၆) ခုနှင့် ကျေးရွာအုပ်စု (၂၀) ကျော်ဖြင့် ဖွဲ့စည်းထားပြီး နမ့်စန်မြို့ တောင်ဘက်ရှိ အမှတ် (၅)၊ နမ့်လစ်၊ ဟိုရမ်း စသည့် ကျေးရွာအုပ်စုများမှာ စစ်ကောင်စီတပ်ထံ စစ်မှုထမ်းရန် သွားရောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က သျှမ်းပြည်အတွင်း ရပ်စောက်၊ ဟိုပုံးနှင့် ကျိုင်းတောင်းမြို့များတွင် ပထမအကြိမ် စစ်မှုထမ်းသင်တန်းကို ဖွင့်လှစ်နေပြီး စစ်မှုထမ်းရန် စုဆောင်းခံရသူများသည် သင်တန်းတက်ရောက်ရန်အတွက် ယင်းမြို့များသို့ ဧပြီလဆန်းပိုင်းက စတင်ရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။