ဖားဆောင်းက စစ်ကောင်စီတပ်စခန်းရှိရာတွင်ပိတ်မိနေသည့် ဒေသခံပြည်သူ ၂၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့

0
224
Photo - KNDF

ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့၊ စစ်ကောင်စီတပ်စခန်း ခလရ ၁၃၄ တပ် တည်ရှိသည့် တောင်ပေါ်ရွာ၌ ပိတ်မိနေသည့် ဒေသခံပြည်သူ ၂၀၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့က ကယ်ထုတ် နိုင်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောဆိုသည်။

“ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားလဲတော့ မပြောတတ်ဘူးပေါ့နော။ ကယ်ထုတ်လိုက်တာကတော့ ဧပြီလ ၃ ရက်နေ့က ဖြစ်တယ်။ တောင်ပေါ်ရွာကနေပြီး ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးဖြစ်သည့် တာအယ်စိုးက ပြောသည်။

ကယ်ထုတ်လာခဲ့သည့် ဒေသခံပြည်သူများကို ဘေးလွတ်ရာနေရာကို ပို့ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဖားဆောင်း မြို့တွင်းတိုက်ပွဲအတွင်း ကွက်သစ်ဘုန်းကြီးကျောင်း၌ ပိတ်မိနေခဲ့သည့် ဒေသခံပြည်သူ ၁၃၀ ကျော် ကိုလည်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းတာကြောင့် တော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၂၃ ရက်က သွားရောက်ကယ်ထုတ်ခဲ့သေးကြောင်း တာအယ်စိုးက ပြောပါသည်။

ယခုလို ဒေသခံအရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းက စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု (KNDF) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတာအယ်စိုးက ဆက်ပြောသည်။

၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတည်းက ဖားဆောင်းမြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိအထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNDF အဖွဲ့ထံမှ သိရသည်။

“မြို့သိမ်းတိုက်ပွဲကတော့ အခုချိန်ထိ ဆက်လက် တိုက်ခိုက်နေတုန်းပါပဲ။ ၁၃၄ စခန်းကိုလည်း တော်တော်များများ ဆက်ပြီးတော့ သိမ်းပိုက်ထားတယ်ဆိုပေမယ့် တပ်ရင်းတစ်ခုလုံးကို ရရှိဖို့အတွက် တိုက်ခိုက်နေတုန်းပါပဲ” ဟု တာအယ်စိုးက ဆိုသည်။

ဖားဆောင်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံများရှိကြောင်း သိရှိရသည်။

ကန္တာရဝတီတိုင်း (မ်) – သတင်းပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here