လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင်များအား မြန်မာစစ်အစိုးရထံ အတင်းအကြပ်ပြန်ပို့မည်မဟုတ်ဟု KNU ပြော

0
32
Photo - KIC

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား ၎င်းတို့သဘောဆန္ဒမပါဘဲ မြန်မာစစ်အစိုးရထံသို့ အတင်းအကြပ် ပြန်လည်ပို့ဆောင်မည် မဟုတ်ကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ၎င်းတို့မိသားစုဝင်အချို့ကို ပြန်လည် ခေါ်ယူရန်ဟုဆိုပြီး ဧပြီလ ၇ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်လေဆိပ်သို့ စစ်ကောင်စီ၏ မြန်မာအမျိုးသား လေကြောင်း-MNA လေယာဥ်တစ်စီး ဆိုက်ရောက်လာခဲ့သော်လည်း ငွေသေတ္တာများသာ တင်ဆောင်သွားသည့် သတင်းနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခြင်း ဖြစ်သည်။

“စစ်ကောင်စီဘက်က သူ့လူ ၆၀၀ ကျော်ကို ပြန်ခေါ်ဖို့ တကယ်တမ်း လေယာဥ်ဆင်းသက်လာပြီး ပြန်ပို့ကြတော့ လူတွေ မသယ်ဘဲနဲ့ ရွှေတွေငွေတွေကို သယ်သွားတယ်လို့ ကြားသိရတယ်။ ကျနော်တို့က ဖမ်းမိတဲ့သူအားလုံးရဲ့ သဘောဆန္ဒကို မေးမြန်းပြီးတော့ ပြန်ချင်တဲ့သူရှိရင် ပြန်ခွင့်ပေးဖို့ သဘောထားရှိပါတယ်။ အတင်းအကြပ် ပြန်ပို့တာတော့ ကျနော်တို့လုပ်ဆောင်မှာ မဟုတ်ပါဘူး” ဟု ပဒိုစောကလယ်စေးက ပြောသည်။

ထိုသို့လက်နက်ချအညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သည့် ရှမ်းမြောက်ဒေသ တိုက်ပွဲများဆင်နွှဲခဲ့စဥ်က တော်လှန်ရေးတပ်ဘက်သို့ လက်နက်ချအညံ့ခံဖူးသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်နေသည့်အတွက် KNU အနေဖြင့် စဥ်းစားစရာဖြစ်နေသည်ဟု သိရသည်။

ဆက်လက်ပြီး ပဒိုစောကလယ်စေးက “ကျနော်တို့ တော်လှန်ရေးအင်အားစုဘက်ကို အညံ့ခံလာတဲ့သူတွေထဲမှာ ရှမ်းမြောက်ဘက်မှာ အရင်လက်နက်ချခဲ့တဲ့သူတချို့ပါတယ်လို့ သိရတယ်။ စစ်ကောင်စီအနေနဲ့ လူလာခေါ်မယ် ပြောပြီးတော့မှ မပါဘဲ ပြန်သွားတာဆိုတော့ ဒီလူတွေအတွက် တကယ်ကို ဘယ်လိုစီစဥ်သလဲ၊ သူတို့လူတွေကို သူတို့ ဘယ်လိုသဘောထားလဲဆိုတာ ကျနော်တို့မပြောနိုင်ဘူး။ ထူးခြားတာကတော့ လက်နက်နှစ်ခါချတဲ့သူတွေ ရှိနေတဲ့အပေါ်မှာ အများကြီး စဥ်းစားစရာလည်း ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

MNA လေယာဥ်အမှတ် ATR 72-600 အား ရန်ကုန် မှ မဲဆောက် သို့ ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အထိ ပျံသန်းဆိုက်ရောက်ခွင့်ပေးရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကို ခွင့်ပြုမိန့်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သော သင်္ယန်းညီနောင် အခြေချစစ်ဗျူဟာမှ ဗျူဟာမှူးအပါအဝင် အရာရှိအဆင့် ၆၇ ဦး၊ အခြားတပ်သားအဆင့် ၄၀၁ ဦး၊ ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၆၁၇ ဦး အား ဘေးကင်းလုံခြုံရာတွင် စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု KNLA သတင်းအရင်းအမြစ်ထံမှ သိရသည်။

လက်ရှိ၌ မြဝတီမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲဘက်နှင့် ဌာနဆိုင်ရာရုံးအချို့ ဆက်ရှိနေပြီး မြို့ပေါ်သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မည့် ကောလာဟလများကြောင့် အချို့မြို့ခံများ ရှောင်တိမ်းမှု ရှိနေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ထို့အတူ မြဝတီမြို့တွင်းမြို့ပြင် အခြေအနေများ ရှုပ်ထွေးနေသဖြင့် အသေးစိတ်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သလို မြန်မာစစ်အစိုးရ၏ “မစားရသည့်အမဲ သဲနှင့်ပက်သည့်” ဆိုးရွားသောသဘောထားအပေါ် စိုးရိမ်စရာ ရှိကြောင်း KNU ဘက်ကလည်း အသိပေးသုံးသပ်ပြောသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here