စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့အစပ် ကျေးရွာများရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် (ပျူစောထီး) စခန်း ၄ ခု ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသက ဧပြီ ၈ ရက်နေ့က သတင်းထုတ်ပြန် ကြေညာသည်။
ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့အစပ် အင်ကြင်းမှော်ရွာ၊ မနော်သာရွာနှင့် ကျွန်းကုန်းကျေးရွာရှိ ပြည်သူ့စစ် (ပျူစောထီး) စခန်းများနှင့် စစ်ကောင်စီတပ် ခမရ (၃၆၉၊ ၃၇၀) ပူးပေါင်းစခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
“ည ၂ နှစ်နာရီက ဆုတ်လိုက်ရတာလို့ ကြားတယ်။ ၉ ရက်တိတိ တောင့်ခံတယ်။ သူတို့ (ပျူစောထီး) က စစ်ကြောင်း မျှော်တယ်လေ၊ စစ်ကြောင်းတစ်ကြောင်းမှ မရတော့ အညံ့ခံလိုက်ကြတာ။ ၄၀ လောက်က အလံဖြူထောင်ပြီး အညံ့ခံလိုက်တာ” ဟု ဟုမ္မလင်း-ဖောင်းပြင်နယ်စပ်ရှိ ပါဟာကျေးရွာဒေသခံတစ်ဦးက ပြောသည်။
အင်ကြင်းကုန်းနှင့် မနော်သာကျေးရွာရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းများကို ဧပြီ ၁ ရက်နေ့ကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် ခန္တီးခရိုင် တပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း- ၁၊ ခန္တီးခရိုင် တပ်ရင်း- ၁၊ ဖောင်းပြင်မြို့နယ် ပကဖနှင့် ဟုမ္မလင်းမြို့နယ် ပကဖပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျွန်းကုန်းကျေးရွာရှိ ပြည်သူ့စစ် (ပျူစောထီး) စခန်းသည် ထွက်ပေါက်လုံးဝမရှိသည့် စခန်းတစ်ခုဖြစ်ပြီး ပျုစောထီးတို့က အညံ့ခံခဲ့ခြင်းကြောင့် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးနားလည်သူများက ပြောဆိုသည်။
စခန်းသိမ်းပိုက်မှုတွင် လက်လုပ်သေနတ် အလက် ၂၀ အပါအဝင် လက်နက်ငယ်မျိုးစုံ ၁၃၁ လက်၊ ကျည်မျိုးစုံ ၁၃,၀၀၀ ကျော်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ Drone Gun ၁ လက်၊ Station Jammer ၁ ခု၊ ဓားမျိုးစုံ ၃၀ ချောင်း၊ တရုတ်စကားပြောစက် (TSSD) ၁၆ လုံးကို သိမ်းဆည်းရမိထားကြောင်း အမှတ် (၁) စစ်ဒေသက ကြေညာထားသည်။
တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်သူများသည် ဆိပ်ဆား၊ ညောင်ကုန်းကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ဖောင်းပြင်ဒေသခံများက ဧပြီလ ၈ ရက်နေ့တွင် သွားရောက်ကြိုဆိုကြကြောင်း သိရှိရသည်။
ရှမ်းနီအသံ ပေးပို့သည်။