တစ်နိုင်ငံလုံး၏ စစ်ရေးလှုပ်ရှားမှု အခြေအနေများအပြင် ကရင်နီ (ကယား) ပြည်နယ်ထဲက လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်သည် ပြည်နယ်ထဲကို စစ်ကြောင်းအသစ်များ ထိုးနိုင်ခြင်းမရှိတော့ဟု ကရင်နီတပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
ကရင်နီပြည်ထဲက “တစ်လေးလုံးစစ်ဆင်ရေး” အပြင် နိုင်ငံတဝှမ်းတွင် ဖြစ်ပွားနေသည့် စစ်ရေး အခြေအနေများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်စခန်းများအသီးသီးမှ ဆုတ်ခွာရခြင်းအပြင် တိုက်ပွဲတွင် အကျအဆုံးများခြင်း၊ စခန်းများမှလည်း အလံဖြူထောင် လက်နက်ချခြင်း၊ လူအင်အား လက်နက်အင်အား ပိုပိုချိနဲ့လာနေသည်ဟု ဆိုသည်။
ကရင်နီပြည်ထဲက “တစ်လေးလုံးစစ်ဆင်ရေး” တွင်လည်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အားများ ပိုမိုချိနဲ့လာသည့်အပြင် မြေပြင်ကနေလည်း ထိုးစစ်အသစ်များ ထပ်မထိုးနိုင်ဘဲ အခက်အခဲများ ဖြစ်နေကြသည်ဟု ကရင်နီတပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
“ကျနော်တို့ ကရင်နီပြည်ထဲမှာတော့ စစ်ကြောင်းထိုးတာ နောက်ပြီးတော့မှ ထပ်တိုးတာတော့ လောလောဆယ်တော့ မရှိသေးဘူးနော်။ အရင်အဟောင်းအတိုင်းပဲ ရှိပါသေးတယ်။ စစ်ကြောင်း မထိုးနိုင်တယ်ဆိုတာက ကျနော်တို့ကရင်နီပြည် အပါအဝင် တစ်နိုင်ငံလုံးမှာ စစ်ရေးတွေလုပ်တော့ သူတို့အခက်အခဲ ဖြစ်တယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။
နိုင်ငံအနှံ့တွင် တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် ကရင်နီပြည်ထဲကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်နိုင်ရန် ရာခိုင်နှုန်းနည်းပါးနေပြီး စစ်ကြောင်းထိုးဝင်လာနိုင်သည့် လမ်းကြောင်းများကိုလည်း ဟန့်တားပိတ်ဆို့ ထားသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ကရင်နီတစ်ပြည်ထဲ ကြည့်မယ်ဆိုရင်တော့ သူတို့စစ်ကြောင်းထိုးဝင်ဖို့ကတော့ ရာခိုင်နှုန်းနည်းတယ် ပေါ့။ ဘာဖြစ်လဲဆိုတော့ ရှမ်းပြည်အထိ ကျနော်တို့က သွားပိတ်တာလေ။ အဲ့ကနေပဲ သူတို့ စီးဆင်းတာ အများဆုံးပေါ့။ အရင် ၂၀၂၂ – ၂၀၂၃ က ဆိုရင် တောင်ကြီးကနေပဲ စီးဆင်းတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ကရင်နီပြည်ကို စစ်ကူများပို့ပါက ရှမ်းပြည်နယ်တောင်ပိုင်းမှ အဓိက ပို့ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းကြောင်းကို ကရင်နီပူးပေါင်းတပ်များက ကရင်နီနှင့် ရှမ်းပြည်နယ်စပ်ရှိ မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် အထိ ဝိုင်းပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်က ဝင်လာနိုင်သော လမ်းကြောင်းများ အားလုံးကို ဖြတ်တောက် ပိတ်ဆို့ထားသည်ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ထိုသို့ ဝိုင်းပြီးပိတ်ဆို့ထားခြင်းကြောင့် မြေပြင်မှ စစ်ကူမပေးနိုင်တော့ဘဲ လေကြောင်းကိုသာ အဓိကထား အသုံးပြုနေရသည်ဟု KNDF ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
“အရင်လအတောတွင်းမှာပဲ ဒရုန်းရော လေယာဉ်ရောပေါ့၊ ဒါပေမယ့် အဓိက ကတော့ သူတို့ကတော့ စိတ်ကူးပေါက်ရင်တော့ ကြဲတယ်။ အဓိက ခွေးတွေဘက်က ကျနော်တို့ ဘယ်မှာရှိတယ် သတင်းအတိအကျ သိရင်တော့ ဒရုန်းနဲ့ လေယာဉ်နဲ့တော့ ကြဲတာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက လေယာဉ်နှင့်ဒရုန်းကို ပိုအသုံးပြုပြီး တိုက်ခိုက်လာခြင်းကြောင့် ပြည်သူလူထု၏ နေအိမ်များ၊ ဘာသာရေး အဆောက်အအုံများနှင့် စျေးများပါ ထိခိုက်ပျက်စီးခဲ့ရသည်။
“တစ်လေးလုံးစစ်ဆင်ရေး” နောက်ပိုင်း ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့က မယ်စဲ့မြို့ကို စတင်သိမ်းယူနိုင်ခဲ့ပြီးနောက် မော်ချီး၊ ရွာသစ်၊ ရှားတော မြို့တို့ကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။
ထို့အပြင် ဒီးမော့ဆိုမြို့၌လည်း စစ်ကောင်စီတပ်သားများက မြို့အတွင်းကနေ ဆုတ်ခွာသွားပြီး တပ်ရင်းထဲ၌သာ ပြန်ဆုတ်နေထားရသည်။
လက်ရှိတွင် ဒီးမော့ဆိုမြို့ကိုလည်း ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့က ထိန်းချုပ်ထားသည်။
အလားတူ ဖားဆောင်းမြို့နှင့် လွိုင်ကော်မြို့ကိုလည်း ဆက်လက် တိုက်ခိုက်သိမ်းပိုက်နိုင်ရေး အတွက် ကြိုးစားနေကြပြီး တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေသည်ဟု ကရင်နီစစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
NMG ပေးပို့သည်။