လွယ်ဂျယ်တွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေ

By MPM 30 မတ်, 2024 👁

ကချင်နှင့် တရုတ်နယ်စပ် လွယ်ဂျယ်အနီးဝန်းကျင်၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည်မှာ ၄ ရက် ရှိပြီဟု ဒေသခံများက ပြောသည်။

လွယ်ဂျယ်ကို သိမ်းပိုက်နိုင်ရေး KIA နှင့် ပူးပေါင်းအဖွဲ့များဘက်က ပိတ်ဆို့ထားပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကလည်း တရုတ်ဘက်ခြမ်းမှ ထွက်ပြေးရန် လုပ်ဆောင်နေကြသည်ဟု လွယ်ဂျယ်ဒေသခံများက ပြောသည်။

လွယ်ဂျယ်ဒေသခံ အမျိုးသမီးတစ်ဦးက “၄ နာရီ ၁၇ လောက်က စပြီး သူတို့ဟာ သူတို့ပစ်၊ ၆ နာရီ လောက်အထိ ပစ်နေကြတာ။ အဲ့ကနေ ပြန်ငြိမ်သွားတယ်။ သူတို့ကို သွားလိုက်ပြီတောင်ထင်တာ။ တရုတ်ကနေ သွားလိုက်ပြီ ထင်တာ သွားလို့မရဘူး ဖြစ်သွားတယ်။ တရုတ်ဘက်က ပေးမဖြတ်ဘူး။ အဲ့ဒါ ဒီအတိုင်းပဲ ဆက်နေနေကြတယ်။ KIA က သူတို့ကိုအညံ့ခံဖို့ အလံဖြူထောင်ဖို့ ပြောတယ်တဲ့ အဲ့ဒါမထောင်သေးဘူး။ တချို့ကလည်း အလံထောင် ရအောင်လို့ပြောပေမယ့် တချို့ကလည်း မထောင်ဘူး အဲ့လိုမျိုးတဲ့ အခုလောလောဆယ်အထိက” ဟု ပြောသည်။

မတ်လ ၂၉ ရက်နေ့က စတင်ပြီး လွယ်ဂျယ်မြို့ကို KIA နှင့် ပူးပေါင်းအဖွဲ့များက ဝန်းရံပိတ်ဆို့ထားပြီဟု ဒေသခံများက ပြောဆိုနေကြသော်လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မသိရသေးဘူးဟု ပြောသည်။

“လွယ်ဂျယ် အခြေအနေကတော့ ကျနော်တို့ KIA တပ်နဲ့လည်း မတင်းမာဘူး။ တိုက်ပွဲလည်း မရှိပါဘူး၊ အဲ့ဒီ ဘက်မှာ နဂိုပုံမှန်အတိုင်းပဲ ရှိပါတယ်။ စကစဘက်က သူတို့ရဲ့တပ်တွေလည်း နဂိုအတိုင်းပဲ ရှိပါတယ်။ သူတို့ အရပ်ဘက်ဝန်ထမ်းတွေကတော့ အားလုံး သူတို့တာဝန်နဲ့ သူတို့ရှိပါတယ်။ ဘာမှ ထူးခြားမှုကတော့ မရှိပါဘူး” ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

မတ်လ ၂၇ ရက်နေ့က စတင်၍ ဗန်းမော် – လွယ်ဂျယ် လမ်းတကြောရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ၂ ရက်အတွင်း ယောယုံတပ်စခန်းကြီး အပါအဝင် တပ်စခန်း ပေါင်း ၇ ခုခန့်ကို သိမ်းယူခဲ့သည်။

ဗိုလ်မှူးကြီးနော်ဘူက “လွယ်ဂျယ်နဲ့ ဗန်းမော်ကြားကတော့ ၂၇ ရက်နေ့ ကနေ ၂၈ ရက်နေ့၊ ၂၉ အထိပေါ့ ရှိပါ တယ်။ အရေးကြီးတဲ့ တပ်စခန်းကတော့ ယောယုံပေါ့။ အဲ့ဒီယောယုံတပ်စခန်းကြီးကိုတော့ ကျနော်တို့ သိမ်းပိုက် ထားနိုင်ပါပြီ။ နောက် အဲ့ဒီ ယောယုံတို့၊ စိန်လုံပတ်ဝန်းကျင်က ရှေ့တန်းစခန်းတွေကိုလည်း ကျနော်တို့ ၇ ခုလား မသိဘူး သိမ်းပိုက်လို့ ရပါတယ်။ ဒါကြောင့် အခုကတော့ လွယ်ဂျယ်ကနေ ဗန်းမော်ဘက်ကို သွားတဲ့လမ်းကြောင်း မှာ ကြားမှာတော့ ကျနော်တို့ စခန်းတွေရပါပြီ။ ဒါကြောင့် လွယ်ဂျယ်က စကစတွေကတော့ ဗန်းမော်ဘက်ကို ကားလမ်းနဲ့ သွားဖို့ကတော့ မရတော့ပါဘူး။ အဲ့ဒါကတော့ ထူးတာတခု ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် လွယ်ဂျယ်က နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများလည်း ရပ်တန့်နေသလို စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများကလည်း တရုတ်ဘက်ခြမ်းမှနေ၍ ထွက်သွားနိုင်ရေး ကြိုးစားနေကြသည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံများ၏ ခန့်မှန်းချက်အရ လွယ်ဂျယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု စုစုပေါင်း အယောက် ၃၀၀ ကျော် ရှိနိုင်သည်ဟု သိရသည်။

ကချင်-တရုတ် နယ်စပ်က စစ်ရေးအခြေအနေများကြောင့် တရုတ်ဘက်ခြမ်းကမူ နယ်စပ်တလျှောက်တွင် နယ်စပ်စည်းမျဉ်းကို သိသာစေရေး ပိတ်စအနီများနှင့် ကာရံတားထားပြီး လုံခြုံရေးကိုလည်း အထူးကြပ်မတ်ထား သည်ဟု နယ်စပ်နေဒေသခံများက ပြောသည်။

NMG ပေးပို့သည်။