ထားဝယ်၊ ကမြောကင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

By MPM 30 မတ်, 2024 👁

ထားဝယ်ခရိုင်အတွင်းရှိ ကမြောကင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မတ်လ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆို သည်။

မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့တွင် စစ်ကောင်စီစခန်းသုံးခုကို တိုက်ခိုက်ခဲ့ပြီး နောက်တရက်တွင် ကမြောကင်း တံတားဂိတ်ကို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကမြောကင်းရွာသားတစ်ဦးက “၁၅ မိနစ်လောက် နှစ်ဘက် အပြန်အလှန် ဆက်တိုက်ပစ်ကြတာ။ ကမ်းနားလမ်းက စျေးသည်တွေ မြို့သိမ်းတိုက်ပွဲဖြစ်ပြီထင်ပြီး အကုန်လုံး ပြန်ပြေးလာကြ တာ” ဟု ပြောသည်။

ထိုသို့အလစ်အငိုက် ပစ်ခတ်ခံခဲ့ရခြင်းကြောင့် စစ်ကောင်စီတပ်မှ ၃ ဦး ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ကြားသိရသည်ဟု ဒေသခံများက ပြောပါသည်။

ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားနေချိန်တွင် ကမြောကင်းတံတား၏ တဖက်တချက်စီတွင် ရှိနေသည့် လမ်းသွားလမ်းလာများနှင့် စျေးသည်များ ပိတ်မိနေကြပြီး နံနက် ၅ နာရီ အချိန်ခန့်တွင် တံတားဂိတ်ကို ပြန်ဖွင့်ပေးခဲ့သည်ဟု ​ရွာသားများက ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထားဝယ်မြို့ အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့သည့်အပြင် သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာမှ စစ်ကောင်စီ စခန်းကုန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့​ကြသေးသည်။

တိုက်ခိုက်ခံရသည့် စကခ (၈) ဌာနချုပ် နယ်မြေဧရိယာအတွင်း စစ်ကောင်စီ၏ ခလရ-၂၅၊ ခလရ- ၂၆၇၊ ခမရ- ၄၀၁၊ ခမရ- ၄၀၂ နှင့် အမတ- ၃၀၆ တပ်ရင်းတို့လည်း ရှိနေကြောင်း သိရ​သည်။

ထို့အပြင် ယင်းနေ့ညနေ ၅ နာရီခွဲ အချိန်ခန့်ကလည်း တော်လှန်ရေးနေ့ အခမ်းအနား လုံခြုံရေးအတွက် ထားဝယ် မြို့နယ်၊ ဇဟာကျေးရွာလမ်းမကြီးအား ပိတ်ဆို့၍ ကင်းယူနေသည့် အမတ – ၃၀၂ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ လည်း ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲကြောင့် ဇဟာကျေးရွာမှ နေအိမ်တစ်ဆောင် လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပြီး တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF နှင့် ဗထူးတပ်မတော် – BHA တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်​ကြောင်း ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။