စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ် တိုက်ပွဲများကြောင့် ထီးချိုင့်ဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြသူများသည် လက်ရှိအချိန်တွင် စားသောက်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း စစ်ဘေးတိမ်းရှောင်သူများထံမှ သိရှိရသည်။
“စစ်ဘေးရှောင်တွေကတော့ စားစရာသောက်စရာပြတ်နေတာ၊ ခရမ်းချဉ်သီးတွေပဲ နေ့တိုင်းကြော် စားနေရတာ။ လွယ်တော့ မလွယ်ဘူး” ဟု ထီးချိုင့်မြို့တဖက်ကမ်းတွင် စစ်ဘေးတိမ်းရှောင်နေသူတစ်ဦးက ပြောဆိုသည်။
စစ်ဘေးရှောင် ၅ ထောင်ဝန်းကျင်သည် ဆန်ချည်တောင် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြရပြီး ဆရာတော်များက စားသောက်နေထိုင်ရေးအတွက် တာဝန်ယူပေးနေရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
စစ်ဘေးရှောင်များသည် အလုပ်အကိုင်များ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ စစ်ဘေးရှောင်နေသည့် နေရာများတွင် ဆရာတော်များ၊ ဆွေမျိုးမိတ်ဆွေများ၏ ကူညီစောင့်ရှောက်မှုများဖြင့် နေထိုင်နေကြရသည်ဟု ဆိုသည်။
စစ်ဘေးရှောင်များသည် ၃ လကျော် ကြာသည့်အထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲ ငြိမ်သက်သွားသော်လည်း မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်ရေးအတွက် လုံခြုံရေးအရ မဖြစ်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။
“သင်္ကြန်အတွင်း ပြန်ဝင်ခိုင်းမယ့်ဟာတော့ မဟုတ်ပါဘူး။ အခု မောင်းကုန်း၊ အုတ်ဆုံကျေးရွာကိုတောင် ရွေ့ခိုင်းနေတယ်။ လေးလပိုင်းဝန်းကျင်ကို တိုက်ပွဲဖြစ်မှာ ဆိုပြီးတော့ မလွယ်ပါဘူး။ ဝင်ဖို့ရာက အပြောသာ လွယ်တာ ဝင်ဖို့ကလေ၊ ပြန်ချင်လှပြီ ကိုယ့်အိမ်ကို” ဟု ဆန်ချည်တောင်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် နေသူတစ်ဦးက ပြောပါသည်။
မြို့သိမ်းတိုက်ပွဲကြောင့် ထီးချိုင့်မြို့ပေါ်ဒေသခံ ၁ သောင်းကျော်သည် မောင်းကုန်း၊ ဆန်ကျည်တောင်၊ ရေရှင် ၊ လေသာ၊ အလယ်တော၊ ပေါက်ကုန်း၊ ကျက်သရေချောင်းရွာ၊ တကောင်းမြို့၊ မန္တလေးမြို့နှင့် မုံရွာမြို့များ သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ရှမ်းနီအသံ ပေးပို့သည်။