တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် သိန္ဒေါစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည်ဟူ မြိုတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်းက မတ် ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့က တနင်္သာရီမြို့နယ် အခြေစိုက် ခလရ ၁၀၁ တပ်ရင်းကနေ သိန္ဒောစခန်း၌ တာဝန်ကျနေသည့် တပ်သားကျော်သက်ပိုင်သည် MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၅၄၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၂ လုံးနှင့်အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို လုံခြုံသောနေရာ၌ထားရှိထားပြီး နိုင်ငံ့ဝန်းထမ်း CDM မူဝါဒအညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားသညိ။
“သူက စကစလက်အောက်မှာ စစ်မှုမထမ်းလိုတော့တဲ့အတွက် လက်နက်တွေပါယူလာပြီး အလင်းဝင်လာတယ်၊ လက်ရှိ သူကိုကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်၊ နောက်ပိုင်းကတော့ သူဆန္ဒအတိုင်း လုပ်ပေးသွားမယ်” ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း -၁ စစ်ကြောင်းမှူး L ကြီးက ပြောသည်။
လက်နက်နှင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက ဆုငွေကျပ် ၃၅ သိန်းကို ချီးမြှင့်ပေးသွားမည်ဟု ဆိုသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) တွင် မြိုတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ (၁)၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ SWDF နဲ့ မြိတ်မြို့နယ် ပကဖ တို့နဲ့ ဖွဲ့စည်းထားခြင်းဖြစ်သည်။
တနင်္သာရီတိုင်းတွင် အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်ထားသည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် ၂၄၀ ထက်မနည်း ရှိသည်ဟု တနင်္သာရီတိုင်း ပကဖအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
သံလွင်းတိုင်းမ် ပေးပို့သည်။