KIO လိုင်ဇာဗဟိုဌာနချုပ် အနီးဝန်းကျင်တွင် သက်တမ်းကြာဝိုင်းရံထားသည့် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး နွမ်လန့်ဒေသခံ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အနီးတဝိုက်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များက ရက်ပေါင်း ၂၀ အတွင်း ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်ပြီး KIA တပ်က မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်မှာရှိသည့် ဒေါ့ဖုန်းယန် အထက်ပိုင်းနှင့် အောက်ပိုင်း မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ကူးတံတာအထိ နှစ်ပေါင်း ၂၀ ကျော် တပ်ချထားသည့် စစ်ကောင်စီတပ်စခန်း တစ်ခုချင်းစီကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၅ ရက်နေ့ မတိုင်မီအထိ ဒေါ့ဖုန်းယန်မြို့နယ် (ခွဲ) အထက်ပိုင်း လိုင်ဇာနှင့် အနီးဆုံးနေရာတွင်ရှိသည့် ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ အင်တပ့်ဘွမ့်၊ ဘွမ့်ရေဘွမ့်နဲ့ ရှဒန်ပါ စသည့် စစ်တပ်၏ ဗျူဟာမြောက် တပ်စခန်းအကြီး ၁၀ ခုကျော်နှင့် ရှေ့တန်းလုံခြုံရေးတပ်စခန်း စုစုပေါင်း ၃၀ ခန့်အထိ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မတ်လ ၂၁ ရက်နေ့ အထိ လိုင်ဇာမြို့ အထက်ပိုင်းမှာရှိသည့် ပါဂျောင်ဘွမ့်အနီးတဝိုက်က နာဖော့ပါဂျောင်နှင့် လီဆူးပါဂျောင်စသည့် တပ်စခန်း စုစုပေါင်း ၆ ခု အထက်ကို ထပ်မံသိမ်းပိုက်ခဲ့ပါသည်။
တဆက်တည်းမှာပင် လိုင်ဇာအထက်ပိုင်းနှင့် အလယ်ပိုင်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက် ခဲ့ပြီးနောက် ဒေါ့ဖုန်းယန်အောက်ပိုင်း မိုးမောက်မြို့နယ်ထဲ ကျန်ရှိနေသည့် တပ်စခန်း ၇ ကို မတ်လ ၂၁ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုမတ်လ ၂၁ ရက်နေ့၌ မိုးမောက်မြို့နယ်ထဲက ဒုံတပ်ပါရှိသည့် နွမ်လန့်တပ်စခန်း ၂ ခုနဲ့ နောင်ကွန်အမြှောက်တပ် အပါအဝင် ၃ နေရာကို KIA က တပြိုင်နက် တိုက်ခိုက်ခဲ့သည်။ ယင်းနေ့တစ်ရက်ထဲမှာပင် နွမ်လန့်တပ်စခန်း ၂ ခု ဖြစ်သည့် ခမရ ၄၃၈ တပ်ရင်းနှင့် ဒုံးတပ် ခမရ ၆၁၆ တပ်ရင်းကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။
မတ်လ ၂၃ ရက်နေ့တွင် အမှတ် ၃၇၀ အမြှောက်တပ်ကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မတ်လ ၂၆ ရက်နေ့တွင် အဆိုပါတပ်စခန်းများနှင့် တကြောတည်း ရှိနေကြသည့် ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း စသည့် တပ်စခန်း များကို အပြီးသတ်ရှင်းလင်း ထိန်းချုပ်နိုင်ခဲ့သည်။
ယခုလို KIA ပူးပေါင်းတပ်များက ရက်တိုအတွင်းမှာပင် KIO လိုင်ဇာ ဗဟိုဌာနချုပ် အနီးတဝိုက်ပတ်ပတ်လည်ရှိ သက်တမ်းကြာ ဝိုင်းရံထားသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည့် အခြေအနေနှင့် ဒေါ့ဖုန်းယန် နှင့် မိုးမောက်မြို့နယ် ကားလမ်းမတကြော စစ်တပ်ကင်းစင်နယ်မြေ ဖြစ်လာပြီလား စသည့် အကြောင်းအရာများ နှင့် ပတ်သက်ပြီး နွမ်လန့်ဒေသခံ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မြစ်ကြီးနား – ဗန်းမော် လမ်းတကြော ဒေါ့ဖုန်းယန်အထက်နဲ့ အောက်ဘက်တွေမှာ KIA က ရက်ပေါင်း ၂၀ အတွင်းမှာပဲ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်လိုက်သလို တပ်စခန်းတွေလည်း တစ်ခုပြီးတစ်ခု သိမ်းထားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ့ဖုန်းယန်နဲ့ မိုးမောက်မြို့နယ်ကြားက စစ်ကောင်စီတပ်စခန်းတွေ တကယ်ပဲကင်းစင် သွားပြီလား။ နောက်ဆုံးအခြေအနေကို ပြောပေးပါဦး။
ဖြေ။ ။ ဗန်းမော်မြို့အထက် မိုးမောက်မြို့နယ် တာပိန်မြစ်ချောင်းကနေ ဒေါ့ဖုန်းယန်အထိရှိတဲ့ တပ်စခန်း အားလုံးကို KIA က ရှင်းလင်းလိုက်ပြီ။ ဒါတင်မကဘူး ဒေါ့ဖုန်းအထက်ဘက်မှာလည်း စစ်တပ်စခန်းတွေ မရှိတော့ဘူး။ ဒါကြောင့် ဒီတကြောမှာ စခန်းအကြီးအသေး ဘာတစ်ခုမှမရှိတော့ဘူးလို့ အားလုံးကခံယူထား ကြပါပြီ။
မေး။ ။ ဒါဆိုရင် ဒေါ့ဖုန်းယန်နဲ့ မိုးမောက်နယ်ထဲက နောက်ဆုံး KIA သိမ်းပိုက်သွားတဲ့ တပ်စခန်းတွေက ဘယ်တပ်စခန်းတွေ ဖြစ်မလဲ။
ဖြေ။ ။ တပ်စခန်းတွေက ဒါဆိုင်း ခလရ ၂၃၇ တပ်ရင်း၊ မြို့သစ် ခမရ ၃၂၀ တပ်ရင်း၊ ကုန်းလော ခမရ ၃၈၇ တပ်ရင်း၊ နောင်ကွန် ၃၇၀ အမြှောက်တပ်၊ နွမ်လန့် ခမရ ၆၁၆ ဒုံးတပ်နဲ့ ခမရ ၄၃၈ တပ်ရင်း၊ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်း ဒီတပ်စခန်းတွေကို သိမ်းထားပြီ။ ဒီတပ်စခန်းတွေက ဒေါ့ဖုန်းယန်အထက် လိုင်ဇာအနီးတဝိုက်က တပ်စခန်းတွေ မပါသေးဘူး။ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်နယ်ထဲက တပ်စခန်းတွေပဲ ဖြစ်ပါတယ်။ အထက်ဘက် မှာလည်း မရှိတော့ဘူး။ ဒါကြောင့် မိုးမောက်နယ်ထဲကနေ လိုင်ဇာအနီး နမ်ဆန်ချောင်းအထိ စစ်တပ်စခန်းတွေ မရှိတော့ဘူး။
မေး။ ။ ဒါဆိုရင် အခုနောက်ဆုံးသိမ်းသွားတဲ့ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်နယ်ထဲက ဒီတပ်စခန်းတွေက စစ်တပ်အတွက်ရော စစ်ရေးဗျူဟာအရရော ဘယ်လောက်ထိအရေးပါလဲ။
ဖြေ။ ။ ပထမဆုံး ကျနော်တို့ရဲ့ လိုင်ဇာဌာနချုပ်ရှိတဲ့ဘက်ကို ပစ်ခတ်ခြိမ်းခြောက်နေတဲ့ လက်နက်ပစ္စည်း တွေက ဗန်းမော်ဘက်ကနေ သယ်ယူပြီးတော့ ဒါဆိုင်းတပ်စခန်း၊ နွမ်လန့်တပ်နဲ့ ဒေါ့ဖုန်းယန်တပ်စခန်းတွေမှာ တဆင့်ပြီးတဆင့် လုံခြုံရေးတွေ တင်းကြပ်ထားပြီး သယ်ယူကြတာဖြစ်တယ်။ ဗန်းမော်အထက် လိုင်ဇာအဝင် ပေါက်မှာရှိတဲ့ ဒီတပ်စခန်းတွေကို ရှင်းလိုက်ပြီဆိုရင် အေးဆေးဖြစ်သွားပြီ။ လုံခြုံရေးအတွက်လည်း စိုးရိမ်စရာ မလိုတော့ဘူး။
မေး။ ။ အဲဆိုရင် ဒေါ့ဖုန်းယန်၊ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်းနဲ့ ဒါဆိုင်း ဒီတပ်စခန်းတွေရဲ့ တိုက်ပွဲအခြေအနေက ဘယ်လောက်ထိ သိမ်းပိုက်နိုင်ခဲ့ပါလဲ။
ဖြေ။ ။ ဒါကတော့ တနေရာနဲ့တနေရာ ဒေသခြင်းတော့ မတူဘူးပေါ့လေ။ လက်နက်ပစ္စည်းတွေက အစ စခန်းသိမ်းယူမှု အားအရဆုံးက တပ်စခန်းအကြီးတွေဖြစ်တဲ့ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်း၊ နွမ်လန့် ၊ ဒါဆိုင်း ဒီတပ်စခန်းတွေက လက်နက်ပစ္စည်းတွေရော အများကြီးသိမ်းနိုင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီတပ်စခန်း ၃ ခုက လိုင်ဇာဗဟိုဌာနချုပ်ဘက်ကို ပိုပြီးအားစိုက်ပေးနေတဲ့ တပ်စခန်းတွေဖြစ်တယ်။ ဒါကြောင့် အခိုင်အမာ တပ်ချထားတဲ့ တပ်စခန်းအကြီးတွေလည်း ဖြစ်တယ်။ တခြားတပ်ရင်းတွေက များပေမယ့် စခန်းများတာပဲရှိတယ်။ KIA တိုက်တာလည်း ဒေါ့ဖုန်းယန် အရင်တိုက်ပြီးမှ ဒါဆိုင်းနဲ့ နွမ်လန့်ကို တစ်ခုချင်းစီ ပြန်တိုက်တာ။ ပြီးရင် အဲဒီ တပ်စခန်းတွေက စစ်ကောင်စီတပ်သားတွေကလည်း ကိုယ်လွတ်ထွက်ပြေးသွားတဲ့သူတွေ များတယ်။ အဲ့ကြောင့် လက်နက်ပစ္စည်း အကြီးအငယ် အများအပြားရခဲ့တယ်။
မေး။ ။ အဲဆိုရင် လိုင်ဇာအထက်ဘက်မှာရော ၊ အလယ်ပိုင်းမှာရော၊ အောက်ပိုင်းမှာရော စစ်ကောင်စီ တပ်စခန်းတွေ ကင်းစင်သွားပြီဆိုတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပြီလို့ ပြောလို့ရမလား။
ဖြေ။ ။ အခုအချိန်မှာတော့ တာဝန်ရှိတဲ့သူတွေကလွဲလို့ သွားလာဖို့တော့ ခက်ခဲအုံးမယ်ထင်တယ်။ တကယ်လို့ ပြည်သူတွေ သွားလာမယ်ဆိုရင် အကြောင်းကြား ခွင့်တိုင်ရတာမျိုး လိုအုံးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ နေရာတွေဆိုတော့ လုံခြုံမှုက မရှိသေးဘူး။
မေး။ ။ စစ်ကောင်စီတပ်ဘက်ကနေ တပ်စခန်းတွေကို လက်လွတ်လိုက်ရပြီ ဖြစ်တဲ့အတွက် ပြန်လည်တုန့်ပြန် လာနိုင်ဖို့က ရှိသေးလား။ တကယ်လို့ ပြန်တုန့်ပြန်လာမယ်ဆိုရင်ရော ဘယ်လိုအခြေအနေနဲ့ တုန့်ပြန်လာမလဲ။
ဖြေ။ ။ အခုက မိုးမောက်မြို့ဘက်မှာ တပ်စခန်းတွေကျန်သေးတာဖြစ်တဲ့ အဲဒီနေရာဘက်ကနေ လက်နက်ကြီး ပစ်တာတွေက ဖြစ်လာနိုင်ပါတယ်။ ဗန်းမော်မြို့ဘက်ကနေလည်း ပစ်လာနိုင်တယ်။ လေကြောင်းနဲ့ ပစ်လာနိုင်တယ်။ ခြေလျင်နဲ့ ထိုးစစ်ဝင်ဖို့က မလွယ်တော့ဘူးလို့ထင်တယ်။ ဗန်းမော်မြို့ပေါ်တွေမှာဆိုရင် တချို့နေရာတွေမှာက လက်နက်ကြီး ပြန်ထောင်ထားတယ်လို့ ကြားတယ်။
မေး။ ။ အဲဒါဆိုရင် KIA တပ်တွေက ရက်ပေါင်း ၂၀ အတွင်းမှာပဲ စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါကြောင့် အရင်ကဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ အခုပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေက ဘာကွာခြားမှုတွေရှိလဲ။
ဖြေ။ ။ ဘာကွာသွားလဲဆိုတော့ အရင်ကတော့ KIO/KIA တွေ လောက်ပဲ အားစိုက်ခဲ့ရတယ်။ အဲထဲမှာ စစ်အင်အား နည်းတယ်။ လူအင်အား နည်းတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလည်း အခုလောက် သိပ်အားမရ ခဲ့တာတွေရှိတယ်။ အခုက ရခိုင်၊ ဂေါ်ရခါး၊ ကျောင်းသားတပ်၊ PDF တွေနဲ့အတူ အားလုံးစည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်ကြတယ်။ အရင်က စစ်သားတစ်ရာကို KIA တပ်သား ၃ ယောက်နဲ့ပဲ တိုက်ရတယ်။ အခုက ဘက်မျှ သွားပြီ။ လက်နက်အင်အားတွေလည်း တိုးတက်လာတယ်။ ဒါကြောင့် အခုလို အချိန်တိုအတွင်းမှာ အောင်မြင်မှု ရခဲ့တယ်လို့ မြင်ပါတယ်။
မေး။ ။ နောက်တခုက လိုင်ဇာ KIO ဗဟိုဌာနချုပ်တဝိုက်မှာ အရင် ၁၉၈၇ ခုနှစ်လောက်မှာ တစ်ကြိမ်၊ ၂၀၁၁ နဲ့ ၂၀၁၃ ကြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာလည်း ပြောပြပေးပါအုံး။
ဖြေ။ ။ ၂၀၁၁ မတိုင်မီ ဖြစ်ခဲ့တဲ့တိုက်ပွဲက ငြိမ်းချမ်းရေးမရခင်ဖြစ်တဲ့ တိုက်ပွဲက စစ်တပ်က ကျနော်တို့လို လူနည်းစုအဖွဲ့တွေကို ဖြတ်လေးဖြတ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ၂၀၁၁ ခုနှစ်မှာ ဆန်ဂန့် (San Gang) မှာ စလိုက်တဲ့တိုက်ပွဲက ၂၀၁၃ အထိ တိုက်ပွဲဖြစ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်လောက်ကနေ KIA က တိုက်ပွဲမဖော်ဆောင် တော့ဖို့ လာပစ်ရင် ခံစစ်ပုံစံနဲ့ပဲနေကြဖို့ ညွှန်ကြားထာခဲ့တာဟုတ်တယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာက အလောဘွမ့်တိုက်ပွဲကို ပြန်စလိုက်တာ ဖြစ်တယ်။ နှစ်ပေါင်း ၃၀ ကျော် လက်လွတ်လိုက်ရတဲ့ အလောဘွမ့်ကို မရရအောင်ကြိုးစားဖို့ စီမံကိန်းချခဲ့တယ်။ အဲ့ကြောင့် ၂၀၂၁ မှာက အလောဘွမ့်ကို တပ်စခန်း အကြီးကို သိမ်းပိုက်နိုင်ခဲ့တာ။
မေး။ ။ အခု လိုင်ဇာအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ထဲမှာ တချို့တပ်စခန်းတွေက အရင်ကဖြစ်တဲ့ တိုက်ပွဲတွေမှာ KIA က လက်လွတ်လိုက်ရတဲ့ တပ်စခန်းတွေ ရှိတယ်လို့ပြောတယ်။ ဘယ်တပ် စခန်းတွေ ဖြစ်မလဲ။
ဖြေ။ ။ ကျနော့်မျက်စိထဲမှာတင် သိမ်းသွားတဲ့တပ်စခန်းတွေက ဖွန်းပရန်ဘွမ့်၊ ဘွမ့်ရေဘွမ့်၊ ခယာဘွမ့်၊ အင်တပ့်ဘွမ့်၊ အလောဘွမ့်၊ နာဖော့ပါဂျောင် ဒီတပ်စခန်းတွေက KIA ဆီက သိမ်းသွားတဲ့ တပ်စခန်းတွေဖြစ်တယ်။ ဒီကနေ့ အနှစ် ၂၀ ကျော် ၊ တချို့တပ်စခန်းတွေက အနှစ် ၃၀ ကျော်တောင် ရှိတယ်။ အခုမှ ကိုယ့်လက်ထဲ ပြန်ရောက်လာအောင် ပြန်တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ အခုလို မြစ်ကြီးနား – ဗန်းမော်သွားလမ်းပေါ်က လိုင်ဇာအနီးတဝိုက် စစ်ကောင်စီ တပ်စခန်းတွေကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အပေါ်မှာ ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါလဲ၊ ဒီကနေရော ပြည်သူလူထုကို ဘာပြောချင်လဲ။
ဖြေ။ ။ ကချင်လွတ်လပ်ရေးတပ်တော် KIA က အားသွန်ခွန်စိုက် ကြိုးစားပြီးတော့ ဌာနချုပ်အနီးက စစ်တပ်စခန်း အကြီးအငယ်အားလုံးကို သိမ်းလိုက်တာဖြစ်တယ်။ ကျနော်တို့ပြည်သူတွေဟာ မီးရှို့ခံရတာတွေ၊ ပျက်စီးဆုံးရှုံးသွားတဲ့အရာတွေ အများကြီး ရှိပါတယ်။ နောက်အသက်နဲ့ရင်းပြီး သေဆုံးသွားတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာ ရသွားတဲ့သူတွေ အများကြီးရှိပါတယ်။ အခု ကျနော်တို့မိသားစုတွေဆိုရင် နေအိမ်မရှိတော့ဘူး။ ဒီလိုအဖြစ်ပျက်တွေ ကြုံတွေ့နေရပေမယ့် အားတင်းပြီးတော့ အခုချိန်ကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကင်းကွာလာတဲ့အထိ ဖြစ်လာရတဲ့အတွက် စိတ်အားတွေ ပိုပြီးပြင်းထန်လာတယ်။ ဒီနေ့ဒီချိန်ကစပြီး ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ကိုယ်ရပ် ပျက်စီးဆုံးရှုံးသွားတဲ့ အရာတွေလည်း ပြန်လည်တည်ဆောက် ယူမယ်။ အသက်ဆုံးရှုံးသွားတဲ့သူတွေလည်း နိုင်ငံတည်ဆောက်တဲ့နေရာမှာ အရင်းအနှီးတစ်ခု ဖြစ်တယ်လို့ မှတ်ယူစေချင်တယ်။ ဝမ်းနည်းပူဆွေးနေတဲ့သူတွေလည်း စိတ်သစ်ကိုယ်သစ်နဲ့ ပြန်လည်တည်ဆောက် ကြရအောင်လို့ ပြောချင်ပါတယ်။
KNG ပေးပို့သည်။