ဟုမ္မလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သူများစာရင်း ကောက်ယူမှုများစတင်ပြုလုပ်

0
176

ဟုမ္မလင်းမြို့နယ်အတွင်းရှိ နောင်ပိုအောင်၊ သဖန်းကုန်း၊ ဟဲခမ်း၊ ပင်းမခေါ၊ မာလုံ စသည့် ကျေးရွာအုပ်စုများတွင် စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သူများ၏ စာရင်းများကို အုပ်ချုပ်ရေးမှူးများမှတဆင့် ကောက်ယူမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

“၂၆ နဲ့ ၂၇ ဟဲခမ်းတို့ သဖန်းကုန်းတို့ ပင်းမခေါတို့မှာ အုပ်စုအလိုက် အကျုံးဝင်တဲ့သူတွေလာ ပြီးတော့မှ အုပ်စုစာရေးကိုယ်တိုင်လာပြီးတော့မှ အုပ်ချုပ်ရေးမှူး အိမ်မှာ လာကောက်သွားတယ်။ အသက် ၁၈ ကနေ ၃၅ အကျုံးဝင်တဲ့သူတွေပေါ့” ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဟုမ္မလင်းမြို့ပေါ်နှင့် မြို့အနီးနားရှိ ကျေးရွာများတွင်လည်း စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများ၏ ကိုယ်ရေးအကျဉ်းဖောင်များကို မတ်လ တတိယအပတ်အတွင်း၌ ဖြည့်ပြီး အုပ်ချုပ်ရေးထံ ပေးပို့ထားရပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့တော့ မခေါ်သေးဘူး မိဘတွေကိုတော့၊ ကျွန်တော်လည်း သားတစ်ယောက်ပါတယ်။ သူတို့ဘယ်လို စီမံကြမလဲတော့ မသိဘူး” ဟု စစ်မှုထမ်းရန်အကျုံးဝင်သူတစ်ဦးရဲ့ ဖခင်က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးကတဆင့် ရှင်းပြသည့် စစ်မှုထမ်းဥပဒေ အကြောင်းအရာများကို ရပ်ကျေး အုပ်ချုပ်ရေးမှူးများဆီကို အသံဖိုင်များ ဖြန့်ဝေထားမှုလည်း ရှိနေပြီဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူက ပြောပါသည်။

ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်အောက်ဘက်ရှိ ကျေးရွာအုပ်စုများတွင် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး မြို့နယ်ဧရိယာထက်ဝက်ကျော်ကိုလည်း ရှမ်းနီအမျိုးသားများတပ်မတော် SNA က ထိန်းချုပ်ထားသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဟုမ္မလင်းမြို့နယ်အတွင်း အသက် ၁၈ မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူ နှစ်သောင်းရှစ်ထောင်ကျော် ရှိကြောင်း သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here