“အချို့နေရာဒေသတွေတော့ သွားလို့မရဘူး။ လာလို့မရဘူး အနေအထားတွေဖြစ်တော့ ကူညီတဲ့သူတွေ အတွက်လည်း အသက်အန္တရာယ်တွေ စိုးရိမ်ရတဲ့အနေအထားတွေ ရှိတယ်။ အကူညီမရှိတဲ့သူတွေကလည်း သူတို့ရပ်ရွာမှာ ရိက္ခာတွေ ပြန်မသယ်ရဘူး စသည်ဖြင့် အခက်ခဲတွေရှိရင် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး အတွက်က စိုးရိမ်လာနိုင်ဖွယ်ရှိတယ်” ပအိုဝ်းအမျိုးသမီးသမဂ္ဂ Pa-O Women’s Union တာဝန်ရှိသူ နာင်း

0
297
ပုံစာ - ခြံ၊ တောင်ယာခင်းတွေထဲ တိမ်းရှောင်နေထိုင်နေကြသည့် သျှမ်းတောင်စစ်ဘေးရှောင်တချို့။

သျှမ်းတောင်က စစ်ဘေးရှောင်များ ဘယ်လိုစားသောက်နေကြရလဲ၊ ဘယ်နေရာတွေမှာ ပုန်းခိုနေရလဲ အခြေအနေ များနှင့် ပတ်သတ်ပြီး ပအိုဝ်းအမျိုးသမီးသမဂ္ဂ Pa-O Women’s Union က တာဝန်ရှိသူ နာင်းနှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် လွိုင်လင်မြို့နယ်များတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ယခုဆိုလျှင် ၂ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။

ထိုတိုက်ပွဲများကြောင့် နေရပ်အိုးအိမ်၊ စည်းစိမ်ဥစ္စာပစ္စည်းများကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေသည်လည်း ရာဂဏန်းကနေ သောင်းဂဏာန်းကိုကျော်ပြီး သိန်းဂဏာန်းအထိ တဖြည်းဖြည်း မြင့်တက်လာနေသည်။

သျှမ်းတောင်က စစ်ဘေးရှောင်တွေရဲ့အခြေအနေ ပတ်သက်ပြီး ဘယ်လိုစားသောက်နေကြရလဲ၊ ဘယ်နေရာတွေမှာ ပုန်းခိုနေရလဲဆိုတဲ့အကြောင်းကို ပအိုဝ်းအမျိုးသမီးသမဂ္ဂ Pa-O Women’s Union က တာဝန်ရှိသူ နာင်းနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ သျှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင်တွေ ဘယ်နေရာမှာပုန်းခိုနေကြလဲ။ ဘယ်လို စားသောက်နေကြရပါလဲ။

ဖြေ။ ။ စစ်ဘေးရှောင်တွေဆိုတာတော့ အမျိုးမျိုးရှိတာပေါ့နော်။ တချို့စစ်ဘေးရှောင်တွေကလည်း စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တဲ့ စစ်ရှောင်တွေရှိတယ်။ တချို့စစ်ဘေးရှောင်တွေကျတော့ မြို့တွေပေါ်မှာ အိမ်ခန်းငှားပြီး နေတာတွေရှိတယ်။ တချို့တွေကျတော့လည်း ဘာသာရေးအဆောက်အအုံတို့၊ အများပိုင် နေရာပေါ့။ ဥပမာ-ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ နေရာတွေမှာ နေတာရှိတယ်။ အချို့ကျတော့ ကိုယ့်ရဲ့ ခြံ၊ တိုက်ပွဲနဲ့နည်းနည်း မလှမ်းမကမ်းဖြစ်တဲ့ ခြံ၊ တောင်ယာခင်းတွေမှာ သွားနေထိုင်တဲ့လူတွေရှိတယ်။ အချို့တွေကလည်း ကိုယ့်ရဲ့ရပ်ရွာအနီးနားက တောတောင်ကြီးကြီး၊ ဂူတွေနေရာမျိုးမှာ သွားနေကြတဲ့ လူတွေလည်း အများကြီး ရှိတယ်။

စစ်ဘေးရှောင်တွေ အချင်းချင်းတောင်မှ နေထိုင်တဲ့နေရာ ဒေသအရ ရှောင်တဲ့ ပုံစံတွေ၊ နေရတဲ့ အနေအထားအရ ကွားခြားမှုလေးတွေ ရှိတယ်။ အဲ့ဒီကွာခြားမှုပေါ်မှာ အခြေခံပြီး အခက်ခဲဖြစ်တာလေးတွေ အများကြီးရှိတယ်။ အချို့သော အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင် သူတို့တိမ်းရှောင်နေတဲ့ တောထဲမှာပဲ ကလေးမွေးလိုက်ရတာလည်းရှိတယ်။ အဲ့လိုအခြေအနေမျိုးလေးတွေတော့ တနေရာနှင့်တနေရာ မတူတာလေးတွေ ရှိတယ်။ အချို့သက်ကြီးရွယ်အိုတွေကလည်း တောတောင်မှာ တိမ်းရှောင်နေရတာ ဆေးဝါးကုသမှု ခက်ခဲတာမျိုးတွေ အများကြီးရှိတာပေါ့။ ရာသီဥတုကလည်း ပြီးခဲ့တဲ့ အပတ်ကဆိုရင် မိုးတွေရွာတဲ့အခါကြတော့ နေရာအထိုင်ခင်းတွေအကုန်လုံး ခက်ခဲမှုတွေ အများကြီးရှိတယ်။

မေး။ ။ဒီထဲမှာ ဘယ်နေရာ၊ ဘယ်ဒေသတွေက စစ်ဘေးရှောင်တွေ ကျပ်တည်းမှုနဲ့ ပိုကြုံနေရပါလဲ။ ပိုကြုံနေရတာမျိုးရော ရှိလား။

ဖြေ။ ။ စစ်ဘေးရှောင်တွေလို့ပြောလို့ရှိရင် အများအားဖြင့်တော့ ကျပ်တည်းမှုက တူညီကြပါတယ်။ ဒါပေမယ့် တချို့ဒေသတွေကတော့ စောနကပြောတဲ့ မြို့၊ ရွာတွေနဲ့ နည်းနည်းအလှမ်းဝေးတဲ့ နေရာမျိုးဆိုရင်တော့ ပိုပြီး စားဝတ်နေရေး ပိုခက်ခဲတာတွေရှိတယ်။ ဥပမာအားဖြင့် စစ်ဘေးရှောင်စခန်းတွေဖွင့်ပြီး နေတဲ့ဟာတွေကြတော့ တခြားနေရာတွေမှာဖွင့်ပြီး နေရတဲ့အတွက် အဲ့ဒီစစ်ဘေးရှောင် အကူညီတွေရောက်ကြတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေလား၊ ပရဟိတ အသင်းတွေလား၊ တချို့ရပ်ရွာဒေသတွေကလည်း သူတို့တနိုင်တပိုင် လေးတွေ စုဖွဲ့ပြီးသွားကူညီတာ၊ သွားပေးတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ခုနကပြောတဲ့ တောတောင်နေရာမှာ ပုန်းရှောင်နေတဲ့သူတွေကျတော့ ဘယ်တောတောင်လဲဆိုတာ ဘယ်သူမှမသိဘူး။ သူတို့ဟာနဲ့သူတို့ပဲ ဖြစ်နေတဲ့ အခါကျတော့ အကူညီမရဘူး။ ဆေးဝါး၊ စားဝတ်နေရေးတွေက သူတို့ဟာနဲ့သူတို့ပဲ စစ်ဘေးမရှောင်ခင်မှာ ဆန်၊ ဆီ၊ ဆေး၊ ဆား ကို သူတို့အိမ်ကနေပြီး သယ်သွားရတာတွေရှိတယ်။

အဲ့လိုမျိုး တောတောင်တွေထဲမှာ ပုန်းရှောင်နေရတဲ့ ဒေသတွေကြတော့ အထူးသဖြင့် ဆီဆိုင်မှာရှိသလို ပင်လောင်းဘက်ခြမ်းမှာလည်း ရှိတယ်။ အခုဆိုရင် စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ကျမတို့က လိုက်ပြီးအချက်အလက် လိုက်ရှာတဲ့အခါမှာ ဆီဆိုင်ဘက်မှာရှိနေတဲ့ အချို့သောစစ်ဘေးရှောင်တွေက ဦးရေဘယ်လောက်ရှိလဲဆိုတာ ကိန်းဂဏာန်းတွေ အရမ်း ပြောရခက်တယ်။ ကျမတို့လက်လှမ်းမိတာ တော်တော်များများက စစ်ဘေးရှောင်စခန်းတို့၊ မြို့ပေါ်မှာတို့ ဒါမှမဟုတ် ရပ်ရွာတခုခုမှာ၊ ဘာသာရေး အဆောက်အအုံ တစ်ခုခုမှာတို့ ရှိနေတဲ့ဟာဆိုရင် ကိုယ်တွေ လက်လှမ်းမိတယ်။ ဒါပေမယ့် ခုနကပြောသလို သူတို့ဘာသာ တောတောင်တွေမှာ သွားရှောင်တဲ့ဟာဆိုရင် လူဦးရေဘယ်လောက်ရှိလဲ ကျမတို့မရနိုင်ဘူး။ သူတို့ကလက်လှမ်းမှီဖို့ ပိုပြီးခက်ခဲသလို သူတို့ကပိုပြီး အခက်ခဲကြုံရတဲ့လူတွေ ဖြစ်ပါတယ်။

မေး။ ။ အခုလက်လှမ်းမှီသလောက် တောတောင်ထဲရောက်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေးကို ဘယ်လိုဆောင်ရွက်ပေးနေပါလဲ။

ဖြေ။ ။ တောတောင်ထဲရောက်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးကတော့ အခုလောလောဆယ် ဆောင်ရွက်ဖို့ကတော့ ခက်တယ်။ ကျမတို့ကလည်း ကျန်းမာရေးကိစ္စကို အဓိကဦးစားပေးပြီး ကူညီနေတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပြီးတော့ မီးဖွားဖို့လိုနေတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေပါတဲ့ အမျိုးသမီးတွေဆိုရင်တော့ ကျမတို့ဘက်က သူတို့ထောက်ပံ့တာတွေ ရှိတယ်။ စာရိတ်ပဲပြောပြော၊ စားဝတ်နေရေး အတွက်ပဲပြောပြော ခုနကပြောတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးမီးဖွားမိခင်တွေ၊ ပြီးတော့ ၁ နှစ်အောက် ကလေးငယ်တွေဆိုရင် ကျမတို့လိုက်ပြီး ထောက်ပံ့တာတွေ ရှိတယ်။ ဒါပေမယ့် အဲ့လိုတွေထဲကမှ ခုနကပြောတဲ့ တောတောင်တွေထဲမှာရောက်နေတဲ့ လူတွေဆိုလို့ရှိရင်တော့ ကိုယ်တွေကအချက်အလက်ရမှ ကူညီလို့ရတာ။ အခုက သူတို့ ဘယ်တောတောင် ဘယ်နေရာဆိုတာ မသိတော့ ကူညီဖို့ ခက်ခဲတယ်။

မေး။ ။ အချို့စစ်ဘေးရှောင်တွေက စစ်တွင်းထဲမှာပဲ ကလေးမွေးဖွားရတဲ့ကလေးမိခင်၊ ကိုယ်ဝန်သည်တွေ ရှိတယ်ဆိုတော့ အခုသူတို့ရောက်ရာအရပ်မှာ ဘယ်လိုနေကြရလဲ။

ဖြေ။ ။ ကျမတို့ လက်လှမ်းမီတဲ့ အနေအထားမှာကြတော့ အခြေအနေကတခုနဲ့တခုမတူဘူး။ အချို့တွေက ဘာသာရေး အဆောက်အအုံတို့၊ ကျောင်းဝန်းတို့ ဒါမှမဟုတ် ဆေးပေးခန်းဝန်းတို့နေနေတဲ့ လူတွေဆိုရင်တော့ တမျိုး။ အချို့က အဆောက်အအုံမှာမဟုတ်ဘဲ အပြင်မှာနေရတဲ့ လူတွေလည်းရှိတယ်။ အပြင်မှာ တလင်းပေါ် တဲလေးထိုးပြီး နေရတဲ့လူတွေရှိတယ်။ တောတွေထဲမှာ ရှောင်နေရတဲ့လူတွေဆိုရင် သူတို့ဟာသူတို့ တောထဲက အတုံးလေးတွေခုတ်ပြီး ခုပြီးနေဟာမျိုးတွေ နေရတဲ့အနေအထားတွေလည်း ပိုပြီးများတယ်။ စခန်းတွေမှာနေရတဲ့ ပုံစံမျိုးတွေကြတော့ အိပ်စရာနေရာလေးတွေ ရှိတယ်။ တချို့တွေကြတော့ တဲပုံစံထိုးပြီး အိပ်ကြရတာ။ မြေကြီး တလင်းပြင်ပေါ်မှာ အိပ်ရတဲ့အနေအထားတွေလည်း အများကြီးရှိတယ်။ တောထဲရောက်နေတဲ့ စစ်ဘေးရှောင် တွေပေါ့။ သူတို့ကတော့ သူများထက်ပိုပြီး စားဝတ်နေရာ၊ ဆေးဝါး ပိုခက်ခဲတယ်။ အကူအညီ ရလာရင်လည်း သူများရရင်တောင်မှ သူတို့က မရဖို့များတယ်။ သူတို့ရောက်တဲ့နေရာတွေကတော့ ခက်ခဲတာချင်း မတူကြဘူး။

မေး။ ။ အခုတောတောင်ထဲ ရောက်နေတဲ့ကိုယ်ဝန်သည်တွေက များသောအားဖြင့် ကလေးမွေးရင် ဘယ်လို မွေးကြရလဲ။

ဖြေ။ ။ တချို့ ကလေးမွေးဖူးပြီးသား မိခင်တွေဆိုရင်တော့ သူတို့ကိုယ်သူတို့သိတယ်။ ငါကတော့ ကိုယ်ဟာကိုယ်အိမ်မှာ ဒါမှမဟုတ်ရောက်တဲ့နေရာမှာ မွေးပေးတဲ့လူရှိရင် မွေးလို့ရတယ်ဆိုပြီး တောတောင်ထဲမှာ ကိုယ့်ဟာကိုယ် ဖြစ်အောင်မွေးတဲ့သူတွေလည်းရှိတယ်။ တချို့ကြတော့ ကိုယ်ဟာကိုယ် ဖြစ်သလိုမွေးရင်းနဲ့မှ ဘယ်လိုမှ မွေးမထွက်တော့လို့ နီးစပ်ရာဆေးရုံ၊ ဆေးခန်း ပြေးရတဲ့လူတွေရှိတယ်။ တချို့တွေကလည်း အစကတည်းက ဆေးခန်းမှာ ဗိုက်အပ်ထားရင်း ဆရာမတွေက ဆေးရုံ၊ ဆေးခန်းမှာ မွေးရမယ်လို့ ပြောထားပေမယ့် တကယ့်တကယ်တမ်း မွေးခါနီးမှာ ဆေးရုံ၊ ဆေးခန်းတွေက မရှိဘူး။ နေရာတွေ ပြောင်းရွေ့ရတယ်။ တောင်ကြီးမြို့ထိ နေရာမျိုးတွေလာပြီး မွေးရတဲ့အနေအထားတွေ အများကြီးဖြစ်လာတယ်။ ကိုယ်ဟာနဲ့ကိုယ် ဖြစ်အောင် မွေးတဲ့လူတွေလည်း အများကြီးရှိပါတယ်။

မေး။ ။ အခုလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မွေးဖွားပြီးတော့မှ မတော်တဆဖြစ်ပြီး ကလေးရော၊ မိခင်ရော ချို့ယွင်းသွားတာတခုခု ဒါမှမဟုတ် နောက်ဆုံးအသက်အန္တရာယ်အထိ ဖြစ်သွားတဲ့ဖြစ်စဉ်တွေ ရှိပါလား။

ဖြေ။ ။ ကျမတို့အဖွဲ့အစည်းအနေနဲ့လည်း ဒီကိစ္စမျိုးလေးတွေကို လိုက်ပြီးစုံစမ်းနေတာ၊ မေးမြန်းနေတာမျိုးတွေ လုပ်နေတယ်။ ကလေးမွေးပြီးမှ ကလေးအတွက်ရော၊ မိခင်အတွက်ရော အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့အဆင့် ဖြစ်သွားတယ်ဆိုတာ မကောင်းဘူးလေ။ ဒါကြောင့်မို့လို့ မမွေးခင်ကတည်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကျမတို့ ဖုန်းနံပါတ်ပေးထားတယ်။ တကယ်လို့လိုအပ်ခဲ့ရင် ကျမတို့ကို ဆက်သွယ်ပါဆိုပြီး လုပ်ထားပါတယ်။ တချို့ မွေးပြီးသားမိခင်တွေထဲမှာတော့ ကျမတို့ဘက်က လက်လှမ်းမီသလောက် လိုက်ပြီးမေးကြည့်တော့ ကလေးက မွေးပြီးသွားပြီ။ ဒါပေမယ့် လောလောဆယ်မှာ စားစရာတွေမရှိဘူး။ ကလေးနဲ့ မိခင်အတွက် နေရာထိုင်ခင်းတွေ မရှိဘူးဆိုတဲ့ဟာမျိုးတွေလည်း ပြန်ကြားရတယ်။ အဲဒီချိန် ကျမတို့ဘက်က တတ်နိုင်သလောက် ထောက်ပံ့တဲ့ဟာလေးတွေရှိတယ်။

ကလေးမီးဖွားချိန် အသက်အန္တရာယ်အတွက် တစ်ခုခုဖြစ်သွားတဲ့ ဖြစ်စဉ်တွေက ဒီအခြေအနေမှာမရှိဘူးလို့ မပြောတတ်ဘူး။ တချို့ကြတော့လည်း ပြေးလွှားရင်းအချိန်မှာမှ ကလေးမွေးရတာဖြစ်တဲ့အတွက်ကြောင့် တချို့မိခင်နဲ့ကလေးကို သွားထိခိုက်တဲ့ အခြေအနေတွေ အများကြီးဖြစ်နိုင်တယ်။ ပဋိက္ခဖြစ်လာပြီဆိုရင် အဲ့ဒီပဋိက္ခကြားမှာ၊ တိုက်ပွဲကြားမှာ ကလေးမွေးဖွားရတဲ့မိခင်တွေ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နိုင်ဖွယ်တွေ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီအခြေအနေလေးတွေကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုလောလောဆယ် အနေအထားမှာတော့ ကျမတို့ဘက်က အဲ့ဒီအခြေအနေကို လက်လှမ်းမှီတဲ့ အနေအထားတွေ မရှိသေးဘူး။

မေး။ ။ အခုက တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတော့ စစ်ဘေးရှောင်တွေကို သွားကူညီတဲ့လူတွေ၊ အဖွဲ့အစည်းတွေရှိပါလား။

ဖြေ။ ။ အခုလောလောဆယ် အနေအထားတော့ ဆီဆိုင်မြို့ကိုသွားပြီး ကူညီဖို့အတွက် အရမ်းခက်ခဲတယ်။ တချို့တွေဆို ဆိုက်ခေါင်ရွာတွေ နေရာမျိုးအထိပဲ ရောက်ပြီးတော့ ပြန်လှည့်ရတာရှိသလို ဆိုက်ခေါင်ရွာ ဘက်မှာလည်း လုံခြုံရေးအရ စိုးရိမ်ရတဲ့အနေအထားလေးတွေမှာရှိတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကတော့ တခြားနေရာတွေနဲ့ ယှဉ်ကြည့်ရင် လောလောဆယ်ဆယ် သျှမ်းတောင်မှာ အကူအညီတွေကတော့ နည်းတယ်။ အရပ်ဘက်လူမှုကူညီရေး အဖွဲ့အစည်းတဆင့် ကူညီတာလေးတွေရှိတယ် ဆိုပေမယ့်လည်း အရမ်းကိုနည်းပါတယ်။ အခုက ကိုယ်ထူကိုယ်ထ ကူညီတာလေးတွေပဲရှိတယ်။

မေး။ ။လက်ရှိသျှမ်းတောင်မှာ စစ်ရှောင်တွေက တိုက်ပွဲကြားထဲမှာ ပိတ်မိနေတော့ သွားကူညီမှုကလည်း ခက်ခဲတော့ သူတို့အတွက် ရှေ့ဆက်ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ တိုက်ပွဲရဲ့အခြေအနေက ဒီထက်ဆိုးဝါးနေမယ်ဆိုရင် တောတောင်ထဲမှာ စစ်ရှောင်နေရတဲ့သူတွေ အတွက် အကူအညီတွေ လက်လှမ်းဝေးစေမယ့် အနေအထားတွေ ဖြစ်သွားတယ်။ တဖက်မှာ အချို့အကူအညီ လေးတွေ လိုက်ပြီးကူညီတဲ့သူတွေရှိတယ်။ သူတို့ဟာနဲ့သူတို့ နိုင်ရာနိုင်ရာလေးတွေပေါ့။ ဒါပေမယ့် အချို့နေရာ ဒေသတွေတော့ သွားလို့မရဘူး။ လာလို့မရဘူး အနေအထားတွေဖြစ်တော့ ကူညီတဲ့သူတွေအတွက်လည်း အသက်အန္တရာယ်တွေ စိုးရိမ်ရတဲ့အနေအထားတွေ ရှိတယ်။ အကူညီမရှိတဲ့သူတွေကလည်း သူတို့ရပ်ရွာမှာ ရိက္ခာတွေ ပြန်မသယ်ရဘူး စသည်ဖြင့် အခက်ခဲတွေရှိရင် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး အတွက်က စိုးရိမ်လာနိုင်ဖွယ်ရှိတယ်။ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တဲ့အထိ အခြေအနေမျိုးမှာလည်း အများကြီးရှိတယ်။

တချို့ကျလည်း စားဝတ်နေရေးခက်ခဲမှုကြောင့် ရိက္ခာတွေကုန်တော့မှာမို့ အရဲစွန့်ပြီး ကိုယ့်ရဲ့ရပ်ရွာတွေ ပြန်ပြီး ရိက္ခာတွေ ပြန်သယ်တာမျိုးရှိတယ်။ ဒီလိုဖြစ်ရင်တော့ ဒုက္ခရောက်မှာပေါ့နော်။ ခဏနေ ပစ္စည်းပြန်သယ်တဲ့ သူတွေကို လက်နက်ကြီးထိတာတို့၊ သေသွားတာတို့ အဲ့လိုအခြေအနေတွေ အများကြီး ရှိခဲ့ဖူးတယ်ဆိုတော့ ဒီလိုသေဆုံးမှုနှုန်းကလည်း အများကြီး မြင့်တက်လာနိုင်တယ်။ စားဝတ်နေရေး အခက်ခဲကြောင့်မို့လို့ အခက်ခဲဖြစ်လာရုံတင်မကပါဘဲ နေရပ်ပြန်သွားပြီး ရိက္ခာသယ်တာကြောင့် အသက်အန္တရာယ်ကို ထိခိုက်လာနိုင်ဖွယ်ရှိတယ်။ လူတွေထိခိုက်မှု၊ ဒဏ်ရာရရှိမှု စသဖြင့် အခက်ခဲတွေ ရှိလာနိုင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောပြချင်တာရှိရင် ပြောပါပေးဦး။

ဖြေ။ ။ အဓိကတော့ စစ်ရှောင်တွေနဲ့ ပတ်သက်ရင် သျှမ်းတောင်တို့ဧရိယာမျိုးမှာ စစ်ဘေးရှောင်တွေက တောက်လျှောက်ရှိလာခဲ့တာ တော်တော်ကြာပြီ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ရှိတယ်။ အခုနှစ်တွေမှာလည်း ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကရင်နီမှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတဲ့အချိန်ကစပြီး အခုချိန်ထိ တောက်လျှောက် စစ်ဘေးရှောင် ဦးရေတွေကတော့ တဖြည်းဖြည်းနဲ့ ပိုပိုတိုးလာပါတယ်။ တဖက်မှာလည်း ပြည်သူလူထုရဲ့ စားဝတ်နေရေးခက်ခဲမှု အခြေအနေတွေကလည်း အများကြီးရှိတဲ့အခါကျတော့ စစ်ရှောင်တွေကို နိုင်ရာနိုင်ရာ ကူညီတာ၊ သက်ဆိုင်ရာရပ်ရွာကနေပြီးတော့ ကိုယ်ထူကိုယ်ထကူညီတာလေးတွေက ရေရှည်အတွက် အရမ်းကြီး အကူအညီမဖြစ်ဘူး။ ကျမတို့လည်း အများကြီး ကူညီနိုင်တဲ့ အနေအထားမှာလည်း မရှိဘူး။ စစ်ဘေးရှောင်တွေ အတွက်တော့ လူသားချင်းစာနာထောက်ထားမှု အကူညီအများကြီး လိုအပ်နေတဲ့ အခြေအနေလေးတွေ ရှိနေပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here