မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ စစ်မှုထမ်းရန်အတွက် ရွေချယ်ထားသူများကို သက်ဆိုင်သည့် စစ်သင်တန်းကျောင်းနေရာသို့ မတ်လ ၃၀ ရက်နေ့အရောက် ပို့ဆောင်ရမည်ဟု ချောင်းဆုံမြို့နယ် ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
လက်ရှိ၌ ချောင်းဆုံမြို့နယ်တွင် စစ်သင်တန်း ပထမသုတ်အတွက် ရွေးချယ်ထားသည့် ဒေသခံ ၃၅ ဦးကို ပို့ဆောင်ပေးရန် ချောင်းဆုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ မတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားလာသည်ဟု ချောင်းဆုံဒေသခံတစ်ဦးက ပြောဆိုသည်။
“မနက်ဖြန် (မတ်လ ၂၉) ပို့ရတော့မယ်။ အခု ပထမအသုတ်အတွက် တစ်ရွာကို တစ်ယောက် အရင် ခေါ်ထားတယ်လေ။ ဒီနေ့တောင် ပိုက်ဆံလာကောက်သေးတယ်။ စစ်မှူးထမ်းတဲ့သူတွေကို ပိုက်ဆံပေးဖို့က လောလောဆယ်က တစ်အိမ်ဆို ၅၀၀၀ တော့ ယူထားတယ်” ဟု အဆိုပါချောင်းဆုံဒေသခံက ပြောသည်။
ယခင်က စစ်မှူးထမ်းဆောင်ရမည့်သူတို့ကို သင်္ကြန်အလွန် မေလမှသာ ခေါ်ဆောင်သွားမည်ဟု ညွှန်ကြားထားသည်ဟု ဆိုသော်လည်း မည်သည့်အကြောင်းကြောင့် အလျင်အမြန်ပို့ဆောင်ရသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ရှင်းပြပြောဆိုမှုမရှိသေးဟု ချောင်းဆုံမြို့နယ်မှ အခြားဒေသခံတစ်ဦးက ပြောပါသည်။
“အစက သင်္ကြန်လွန်မှ စမယ်၊ စစ်မှုထမ်းကိစ္စက အခုမှ ဘာလို့ အလျင်စလိုခေါ်ရတာကိုတော့ မပြောတတ်ဘူး။ စစ်သားလိုလို့ အလျင်စလိုခေါ်တာလည်း ဖြစ်နိုင်တယ်။ မော်လမြိုင်အရှေ့တောင်တိုင်းကို ပို့မယ်လို့ ကြားတယ်။ အခုဆို အရှေ့တောင်တိုင်းမှာ လုံခြုံရေးလည်း တိုးမြှင့်ထားတာ လက်နက်မတပ်ပေးထားတဲ့ တပ်သားအသစ် တွေလည်း တွေ့နေရတယ်” ယင်းဒေသခံက ပြောသည်။
မွန်ပြည်နယ်မှ စစ်မှုထမ်းမည့်သူများကို မော်လမြိုင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပို့ဆောင်သွားမည်ဟု ဒေသခံတို့ကြား ပြောဆိုနေသော်လည်း အတည်မပြုနိုင်သေးပေ။
လက်ရှိ၌ ချောင်းဆုံမြို့နယ်တွင် စစ်မှူးထမ်းဆောင်ရန် တစ်ရွာလျှင် ၂ ဦး နှုန်းဖြင့် ခေါ်ဆောင်ထားပြီး ၎င်းတို့ကို တစ်လလျှင် ငွေကျပ် သိန်း ၃၀ တိတိ ထောက်ပံ့ပေးသွားမည်ဟုလည်း ကျေရွာအုပ်ချုပ်ရေးမှုများက ပြောဆိုထားသည်။
ထို့ကြောင့် စစ်မှုထမ်းသူများကို ထောက်ပံ့ရန် နေအိမ်တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ ကျပ် မှ ၁ သောင်းကျပ် အထိ ကောက်ခံနေကြောင်းလည်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ထို့အပြင် စစ်မှုမထမ်းလိုသည့် ဒေသခံရွာသားတို့သည် ငွေကြေးပေးဆောင်ပြီး လူအစားထိုးခေါ်ယူမှုလည်း ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီက စစ်မှူးထမ်းဆောင်ရန်အတွက် မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည်ဟု ညွှန်ကြားထားသော်လည်း စစ်မှူးထမ်းရမည့်သူများကို မတ်လ ၃၀ ရက်နေ့အတွင်း အရောက်ပို့ဆောင်ရန် ယနေ့တွင် (မတ် ၂၈ ရက်နေ့) ချက်ခြင်းညွှန်ကြားလာခြင်းဖြစ်သည်ဟု ဆိုပါသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်လာပြီးနောက် မွန်ပြည်နယ်အတွင်း ချောင်းဆုံမြို့နယ်၌ ပထမဦးဆုံး စစ်မှုထမ်းခေါ်ယူရန် စတင်လှုပ်ရှား ဆောင်ရွက်လာခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
IMNA ပေးပို့သည်။