ဖားဆောင်းမြို့အတွင်း လူသားဒိုင်းအဖြစ်ပိတ်မိနေသည့် ဒေသခံပြည်သူ ၁၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့ ကယ်ထုတ်

0
217
ပုံစာ - ပြန်လွတ်မြောက်လာသည့် ဖားဆောင်းပြည်သူတချို့။

ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ ကွက်သစ်ဘုန်းကြီးကျောင်းတွင် ပိတ်မိနေသည့် ဒေသခံပြည်သူ ၁၀၀ ကျော်ကို မတ်လ ၂၃ ရက်နေ့၌ တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြန်လွတ်မြောက်လာသည့် ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စတင်ခဲ့သည့် ဖားဆောင်းမြို့တွင်းတိုက်ပွဲအတွင်း ဒေသခံပြည်သူ ၁၆၀ ကျော် ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကွက်သစ်ဘုန်းကြီးကျောင်း၌ ပိတ်မိနေသည့် လူဦးရေ ၁၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာဖြစ်သည်ဟု ပြန်လွတ်မြောက်လာသော ဒေသခံတစ်ဦးက ပြောပါသည်။

“သူတို့က လူသားဒိုင်းပါ ကာဗာလုပ်ပြီးလာနေတော့ လူတွေကနေရတာ ကျဉ်းကြပ်ကုန်တယ်။ အိမ်လည်း ပေးမပြန်တော့ဘူး။ ရိုင်းရိုင်းပြောရင် ဒီနောက်ပိုင်းဆို အိမ်သာတောင် ပေးမတက်တော့ဘူး။ ရေချောင်းလည်း ပေးမဆင်းတော့ဘူး။ မိုင်းထောင်ထားတယ်ဆိုပြီး ဘယ်သူမှမသွားရဲတော့ဘူး။ နောက်ပြီးတော့ အမိန့်တွေ ထုတ်တယ်။ သဘောက ည ၆ ၊ မနက် ၆ ခြံစည်းရိုး အပြင်မထွက်ရတာတို့ မီးမထိုးရတာတို့ စကားကျယ်ကျယ် မပြောရတာတို့ အဲ့ဒါတွေပြောတယ်” ဟု ပြန်လွတ်မြောက်လာသည့်ဒေသခံက ပြောဆိုသည်။

ပိတ်မိနေသည့် ဖားဆောင်းဒေသခံပြည်သူများသည် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး ၂၄ ရက် အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ကြောင်းနှင့် ပိတ်မိနေစဉ်အတွင်း စစ်ကောင်စီတပ်က ကိုယ်ထိလက်ရောက် ညှင်းပန်း နှိပ်စက်တာမရှိပေမဲ့ အသွားအလာကန့်သတ်တာမျိုး ပြုလုပ်ခဲ့တယ်လို့ လွတ်မြောက်လာသည့် ဒေသခံက ဆိုသည်။

“ကိုယ့်လူထုတွေ အယောက်တိုင်းကြည့်ကြည့်လိုက် အားငယ်စိတ်တွေရှိတယ်။ သေမင်းကြားမှာ နေရတာပေါ့။ ဘယ်နေ့သေမလဲဆိုတာ ဒါပဲတွက်ကြတာ။ မနေ့ကလိုမျိုး လာကယ်ထုတ်မှ ငါတို့လွတ်မြောက်ပြီဆိုပြီးတော့မှ အကုန်လုံး ပြုံးပြုံးရွှင်ရွင်နဲ့ ပြန်လာနိုင်တာပေါ့။ သွားလာတာ ဒုက္ခရောက်ပေမဲ့လည်း အရင်လိုမျိုး စိတ်ဒုက္ခ မရောက်တော့ဘူးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ဒေသခံများရှိနေသော နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီက မြေမြှုပ်မိုင်း အများအပြား ထောင်ထားခဲ့တာ ကြောင့် သတိကြီးစွာဖြင့် ကယ်ထုတ်ခဲ့ရသည်ဟု အမှတ် (၁၀၀၈) ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပြသည်။

“သူတို့ ဒီစခန်းချထားတဲ့တဝိုက် မိုင်း တွေလည်း ဒီစခန်းချထားတဲ့တစ်ဝိုက်ပေါ့ မိုင်းတွေလဲ ထောင်ထားတယ်။ အဲ့မှာ အခက်ခဲရှိပြီလေ။ မိုင်းကွင်းကို ဖြတ်ပြီးတော့ သွားရတယ်။ ပြည်သူတွေကို လူသားဒိုင်းအဖြစ် သုံးတဲ့အတွက် ကြောင့် ကျနော်တို့က သတိပိုထားရတယ်။ ပြည်သူလား စကစတွေလားဆိုတာ ပိုသတိထားရတယ်ပေါ့” လို့ ၎င်းက ပြောဆိုသည်။

ဒေသခံပြည်သူများကို ကယ်ထုတ်လာစဉ်အတွင်း စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိတဲ့ ဒေသခံ အမျိုးသမီးတစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသလို ဦးဇင်းတစ်ပါးလည်း မိုင်းစထိမှန်ခဲ့ကြောင်း၊ မိုင်းနင်းမိသည့် အမျိုးသမီးသည် ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

ဒေသခံပြည်သူ ၁၃၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့သော်လည်း မြို့တွင်းပိတ်မိနေသည့် ပြည်သူတချို့လည်း ရှိနေဆဲဖြစ်သည်ဟု ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

လတ်တလောတွင် ဖားဆောင်းမြို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး ဖားဆောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စေတီကုန်း ၂ ခု၊ ရဲစခန်းတံတား၊ စစ်ဆေးရေးဂိတ် ၂ ခု၊ မြို့နယ်ခန်းမ၊ ထီးတာ၊ မော်ချီး စစ်ဆေးရေးဂိတ်၊ မော်ချီး ကုန်းစခန်းများကို သိမ်းပိုက်ရရှိထားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here